ဒီမိုကရေစီဟန်ချက်ပျက်နေဟု ကြံ့ခိုင်ရေပါတီခေါင်းဆောင်ဝေဖန်
အောင်ဆန်းဦး
·
March 19, 2018
အန်အယ်လ်ဒီပါတီအနေနဲ့ လွှတ်တော်နဲ့အာဏာကို လက်ထဲမှာကိုင်ထားပြီး အပြန်အလှန်အထောက်အကူပြု ထိန်းကျောင်းမှုမရှိတဲ့အကြောင်းနဲ့ ဒီမိုကရေစီ ဟန်ချက်ပျက်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။
မတ်လ ၁၈ ရက်နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်မှာပြုလုပ်တဲ့ နိုင်ငံတော်သမ္မတဟောင်းနဲ့ ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်ကို ရွှေပြည်တော်သို့ ဆုံမှတ် လူမှုကူညီရေးအဖွဲ့ဝင် ၃၀၀၀ကျော်လာရောက် ဂါရဝပြုကန့်တော့တဲ့ပွဲမှာပြောဆို လိုက်တာပါ။
“အစိုးရရယ်၊လွှတ်တော်ရယ် ဒီမဏ္ဍိုင်တွေကို ကြည့်လိုက်လို့ရှိရင် အချင်းချင်း ထိန်းကျောင်းမှုရှိသလား။ အားလုံးသိပြီးသားပါ။ ပြောရလို့ရှိရင် အနိုင်ရပါတီဟာ လွှတ်တော်ကိုလည်း လက်ထဲမှာကိုင်ထားတယ်။ အာဏာကိုလည်း လက်ထဲမှာ ကိုင်ထားတယ်။ အပြန်အလှန်အထောက်အကူပြုပြီး ထိန်းကျောင်းမှုမရှိတဲ့အချိန်မှာ အတိုက်အခံပါတီရဲ့ အားကောင်းမှုကအင်မတန်လိုပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေတ်ထဲကို ရောက်နေတဲ့အခါမှာ ဒီမိုကရေစီဟန်ချက်ပျက်နေပါတယ်။ အာဏာရနေတဲ့ ပုဂ္ဂိုလ်တွေသည် သူဟာသူပဲ လွှတ်တော်ကလည်း သူလုပ်ချင်တာလုပ်လို့ရအောင် ပံ့ပိုးပေးနေတဲ့ အနေအထားပဲ ရှိပါတယ်။ အဲ့ဒီအတွက် အတိုက်အခံအင်အားကောင်းဖို့လိုပါတယ်။ အတိုက်အခံ အင်အားကောင်းဖို့ အတွက် ရင်ဘက်ချင်းတူသူတွေ ခင်ဗျားတို့လည်း တွေ့ပါတယ်”
နိုင်ငံသားတစ်ယောက်ဖြစ်ပါက မိမိလူမျိုး၊ မိမိကိုးကွယ်ယုံကြည်ရာဘာသာ၊ သာသနာကို ရှေ့ဆုံးတန်းမှာပဲ ထားရမှာဖြစ်တယ်လို့လည်း ဦးသန်းဌေးက ဆိုပါတယ်။
အဲဒီအတွက် မိမိတို့အနေနဲ့လည်း လစ်ဘရယ်တွေမဟုတ်ဘဲ အမျိုးသားရေးဝါဒီတွေလို့ ခပ်ကြမ်းကြမ်းတံဆိပ်ကပ်ချင်လည်းအကပ်ခံရနိုင်ပြီး ၁၃၅ မျိုးသော ပြည်ထောင်စုမြန်မာ နိုင်ငံသားများအားလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးတဲ့ ပါတီဖြစ်စေရမယ်လို့လည်း ကတိပေးပြောသွားပါတယ်။