နှစ် ၃၀ ပြည့်တံတားနီနေ့အခမ်းအနား ကျင်းပ
DVB
·
March 17, 2018
နှစ် ၃၀ ပြည့်တံတားနီနေ့ အခမ်းအနားကို တံတားနီ အရေးခင်းဖြစ်ပွားခဲ့တဲ့ အင်ယားကန်ဘောင်မှာ မတ် ၁၆ ရက်နေ့ညနေက ပြုလုပ်ခဲ့ပါတယ်။
ဒီလိုအခမ်းအနားတွေ ပြုလုပ်တာဟာ သမိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေကို တူးဆွနေတာမဟုတ်ပဲ၊ နောက်အလားတူဖြစ်ရပ်တွေ မဖြစ်အောင် လုပ်တာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။
ဒါ့အပြင် တံတားနီနေ့ အရေးခင်းမှာ ပါဝင်ဖြတ်သန်းခဲ့သူတွေက ဝမ်းနည်းခြင်းအထိမ်းမှတ် ပန်းစည်းချတာတွေ၊ မီးထွန်းဆုတောင်းတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်၊ မတ် ၁၃ ရက်နေ့က လုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတဲ့ အပေါ် မတ် ၁၆ ရက် နေ့မှာ ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် (ပင်မ) နဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) က ကျောင်းသားတွေ စုပေါင်းပြီး အင်ယားကန် ဘောင်ဘေးက တံတားဖြူအတိုင်း စက်မှုတက္ကသိုလ် (အာရ်အိုင်တီ) ကို ချီတက်ရာမှာ စစ်တပ်နဲ့ လုံထိန်းတွေက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် လူအသေအပျောက်ရှိခဲ့သလို ကျောင်းသားအများအပြား ဖမ်းဆီးခံရပါတယ်။
အဲဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တံတားဖြူကို တံတားနီလို့ အမည်တွင်လာပြီး တံတားနီနေ့ နှစ်ပတ်လည် အခမ်းအနားတွေ ကျင်းပနေကြတာ ဖြစ်ပါတယ်။