ရထားလမ်းနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ယန်း ဘီလီယံ ၉၀ ခန့်ချေးရန် လွှတ်တော်ကို တင်ပြ
နေဖြိုးဝင်း
·
March 15, 2018
ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး အပါအဝင် စိုက်ပျိုးရေးကဏ္ဍအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကနေ ယန်း ၈၀ ဘီလီယံချေးဖို့ ဒီနေ့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က တင်ပြခဲ့တာပါ။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ဂျပန်ယန်း ၃၀ ဒသမ ၄၆၉ ဘီလီယံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့် (၂)၊ အပိုင်း (၁) အတွက် ဂျပန်ယန်း ၅၆ ဒသမ ၆၂၂ ဘီလီယံ၊ စုစုပေါင်း ၈၇ ဒသမ ၀၉၁ ဘီလီယံ ချေးယူမှာ ဖြစ်ပါတယ်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၂)၊ အပိုင်း (၁) ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ တောင်ငူ-မန္တလေး ရထားလမ်းပိုင်းတလျှောက်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က စိုက်ပျိုးရေးဝင်ငွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ် ရေလှောင်တမံ ဆည်ရေသောက်စနစ် ဧရိယာအတွင်းနဲ့ ရွှေဘိုတို့မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ချေးငွေသဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၃၀ နှစ်၊ စုစုပေါင်း သက်တမ်း ၄၀ နှစ် ဖြစ်ပြီး အတိုးနှုန်းမှာ တနှစ် ၀ ဒသမ ၀၁ ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန အထွေထွေမွမ်းမံပြင်ဆင်ဖို့နဲ့ စွမ်းအင်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကနေ ချေးငွေယူရို ၂၂ သန်းနဲ့ ထောက်ပံ့ငွေ ယူရို ၅ သန်း ယူဖို့ တင်ပြခဲ့ပါတယ်။