မန္တလေးတိုင်းလွှတ်တော်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ဆန်နှင့်ဆီ လက်ဆောင်လာပေး
ပိုင်စိုး
·
March 11, 2018
မန္တလေးတိုင်း လွှတ်တော်ဝန်ထမ်းတွေကို မြစ်သားမြို့နယ် ရွာတချို့က ဆန်နဲ့ဆီတွေ လက်ဆောင်လာပေးသွားတယ်လို့ မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။
အစိုးရအဆက်ဆက် လျှပ်စစ်မီး မရခဲ့တဲ့ ရွာမုန်းရွာ၊ စပါးတောရွာနဲ့ မယှက်ရွာတွေကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပြောဆိုပေးခဲ့တာကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ မတ်လ ၉ ရက်နေ့က လာပေးခဲ့တာပါ။
တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက “၂၀၁၆ တုန်းကဗျ။ အစိုးရအဖွဲ့ ဝန်ကြီးတချို့ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရယ်၊ ကျနော်ရယ်ပါတဲ့ လူထုတွေ့ဆုံပွဲမှာ ရွာမုန်းရွာသား တယောက်က သူတို့ရွာမှာ အစိုးရအဆက်အဆက် လျှပ်စစ်မီးမရလို့ ရွာနာမည် ပြောင်းပေးပါဆိုပြီး တင်ပြလာတယ်။ အဲလိုတော့ မဖြစ်ဘူးလေ၊ ရနိုင်သလောက်တော့ လျှပ်စစ်မီးရအောင် လုပ်ပေးပါ့မယ် ဆိုပြီး လျှပ်စစ်ဝန်ကြီးက ပြောခဲ့တယ်။ အခုတော့ လိုင်းတွေဘာတွေ သွယ်နေပြီနဲ့တူတယ်” လို့ ပြောပါတယ်။
ရွာမုန်းရွာကို ကြိုးလိုင်းသွယ်တန်းတာကြောင့် အနားမှာရှိတဲ့ စပါးတောနဲ့ မယှက်ရွာကိုလည်း လျှပ်စစ်မီး ရအောင် လုပ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုပေးခဲ့ပါတယ်။
ဦးအောင်ကျော်ဦးက “သူတို့က လက်ဆောင်တွေ လာပေးမယ် ပြောတယ်။ ကျနော်ကလည်း ကျနော်တို့တော့ ယူလို့ မဖြစ်ဘူး။ ဒါနဲ့ ဝန်ကြီးချုပ်နဲ့ တိုင်ပင်ပြီး လွှတ်တော်ရုံးက အခြေခံဝန်ထမ်း ၆၀ အတွက် ဆန်နဲ့ ဆီတွေ လက်ခံလိုက်ပါတယ်။ အရာရှိတွေကိုတော့ မပေးပါဘူး” လို့ ပြောပါတယ်။ ဝန်ထမ်းတယောက်အတွက် ဆန် ၅ ပြည်၊ ဆီ တပိဿာစီရတယ်လို့လည်း သိရပါတယ်။
အခြေခံ လိုအပ်ချက်တွေအတွက် အစိုးရက လုပ်ပေးရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ကိုယ်စားလှယ်တွေက လွှတ်တော်မှာ တင်ပြဖို့ ဆိုတာထက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာ၊ အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး လိုအပ်တာတွေကို တင်ပြရုံနဲ့ ဆောင်ရွက်ပေးနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဓာတ်ပုံ - ပြန်ကြားရေး