ရှေးဟောင်းအမွေအနှစ် ဟံသာဝတီ မြို့ရိုးဟောင်းနှင့် ကျုံးကို ပြန်တူးဖော်မည်
ရန်နိုင်ဇော်ဝင်း
·
March 9, 2018
မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ပဲခူး ဟံသာဝတီ မြို့ရိုးဟောင်းနဲ့ ကျုံးကို ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ရဲ့အစီအစဉ်နဲ့ ပြန်လည်တူးဖော်သွားဖို့ စီစဉ်နေပါတယ်။
တူးဖော်မယ့် ကျုံးထဲနဲ့ ကျုံးရိုးတလျှောက်မှာ ကျူးကျော်နေထိုင်တဲ့သူတွေရဲ့ အဆောက်အဦတွေ ပါသလို ဌာနဆိုင်ရာ အဆောက်အဦတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ အပါအဝင် အဆောက်အဦပေါင်း ၂၀၀၀ ကျော် ရှိနေတယ်လို့ ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက် (ပဲခူးတိုင်း) ညွန်ကြားရေးမှူး ဦးမျိုးမြင့်ထွန်းက ပြောပါတယ်။
အခုလို ပဲခူး၊ ဟံသာဝတီ ရှေးဟောင်းမြို့ရိုးနဲ့ကျုံးကို ပြန်လည်တူးဖော်မယ် ဆိုတာကြောင့် အနီးဝန်းကျင်မှာ ကျူးကျော်နေထိုင်သူတွေကတော့ ပြောင်းရွှေ့ပေးရမှာကို စိုးရိမ်နေကြပါတယ်။
ဟံသာဝတီမြို့ရိုးဟောင်းနဲ့ ကျုံးကို ပြန်လည်တူးဖော်ဖို့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေထဲကနေ သုံးစွဲမှာဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သိန်း ၂၀၀၀ သုံးစွဲမှာ ဖြစ်ပါတယ်။
ဟံသာဝတီမြို့ရိုးဟောင်းကို တူးဖော်ပြီး ရေစီးရေလာစနစ်ကို လေ့လာကာ ပဲခူးမြို့ရဲ့ ရေကြီးရေလျှံမှုကိုလည်း ကာကွယ်နိုင်ဖို့ တိုင်းအစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။