တွံတေးတူးမြောင်းရေကို ပြန်သန့်စင်၍ ဒလမြို့နယ်အတွက် သောက်သုံးရေ အခမဲ့ဖြန့်ဝေမည်
ပြည့်ဘုန်းအောင်
·
March 6, 2018
နွေရာသီရောက်တိုင်း သောက်သုံးရေ ရှားပါးမှုဒဏ်ကို နှစ်စဉ်ခံနေရတဲ့ ရန်ကုန် တဖက်ကမ်းရှိ ဒလမြို့နယ်အတွက် တွံတေးတူးမြောင်းထဲကရေကို ပြန်လည်သန့်စင်ပြီး သောက်သုံးရေ အခမဲ့ဖြန့်ဝေပေးမယ့် အစီအစဉ် အခုမတ်လထဲမှာ စတင်ဖို့ရှိနေပါတယ်။
ရေသန့်စင်ကိုတော့လက်ရှိမှာ ဒလမြို့နယ် ကျောင်းစုရပ်ကွက်မှာ တည်ဆောက်ပြီးစီးနေပြီး တနေ့ကို ရေလီတာ ၃ သိန်းကို သောက်သုံးရေရှားပါးတဲ့ ရပ်ကွက်တွေကို အဓိက ဦးစားပေး အခမဲ့ပေးသွားမှာပါ။
ဒလမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က “စက်ရုံကတော့ အားလုံးပြီးစီးသွားပြီ။ ၀န်ကြီးချုပ်လာပြီး မဖွင့်ရသေးလို့ ရေစမပေးသေးတာပါ။ ၀န်ကြီးချုပ်ကို လည်း အကြောင်းကြားပြီးပါပြီ။ ဒီလထဲမှာဘဲ စတင်ပေးနိုင်မှာပါ။ အဓိကကတော့ ပင်မရေသန့် စက်ရုံမဆောက်ရသေးခင် ယာယီအနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်တဲ့အစီအစဉ်ပါ။ ဒီစီမံကိန်းကတော့ ၂၀၂၀ ထိ ပေးသွားမှာပါ။ ဒလတမြို့လုံးအတွက် ရေသန့်စက်ရုံဆောက်ဖို့ အတွက် မြေနေရာကိုလည်း ရွေးချယ်ထားပြီးပါပြီ။ တိုင်းဒေသကြီး အစိုးရညွန်ကြားချက်နဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ”လို့ ပြောပါတယ်။
ဒလမြို့နယ်ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်မှာ ရေကန်ပေါင်း ၃၀၀ ကျော်ရှိပြီး ဒီရေကန် ၃၀၀ ကျော်လုံးကတော့ သောက်သုံးဖို့မသင့်လျော်ဘဲ ဒီရေကန်တွေဟာ မတ်လကုန်မှာ စတင်ခမ်းခြောက်လေ့ရှိတာ ဖြစ်ပါတယ်။
နွေရာသီကာလမှာ ဒလမြို့နယ်ဟာ သောက်သုံးရေအတွက် လာရောက်လှူဒါန်းတဲ့ ရေနဲ့ ရေသန့်ကိုသာ အားထားပြီး သောက်သုံးနေရတာဖြစ်ပါတယ်။