ငွေဆောင်ကမ်းခြေတွင် သေဆုံး ဝေလငါး ၁ ကောင် လာရောက်သောင်တင်
DVB
·
March 4, 2018
ငွေဆောင်ကမ်းခြေမှာရှိတဲ့ BOB ဟိုတယ်အနီးက ကျောက်ဆောင်တွေပေါ်မှာ သေဆုံးနေတဲ့ ဝေလငါးတစ်ကောင်ကို မတ်လ ၃ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။
ကျောက်ဆောင်တွေပေါ် လာရောက်သောင်တင်ခဲ့တဲ့ အဲ့ဒီဝေလငါးအပြာဟာ အလျား ၃၂ ပေရှိပြီး လုံးပါတ် ၁၆ ပေရှိကာ အရှေ့ရေယက် ၄ ပေရှိပြီး နောက်အမြီးရေယက်ကတော့ ၄ ပေ ၆ လက်မ အထိရှိတယ်လို့ ငွေဆောင်မြို့အုပ်ချုပ်ရေးပိုင်းက သိရပါတယ်။
ငွေဆောင်မြို့အုပ်ချုပ်ရေးမှူ ဦးကျော်မြင့်ဟန်က “မနက်ပိုင်းကျောက်ဆောင်တွေပေါ် သေပြီးလာတင်နေတာ သိရတော့ စက်လှေနဲ့ဆွဲချတာတွေ လုပ်နေရင်း ရေကျသွားလို့ သောင်ပြင်ရေ မတက်နိုင်တဲ့နေရာမှာ မြှုပ်လိုက်တယ်။ သေတာတအားကြီး မကြာသေးတဲ့ပုံစံ ကြိုးနဲ့ချည်တာတွေ၊ တုပ်တာတွေပါ လုပ်လို့ရသေးတယ်” လို့ ပြောပါတယ်။
ဝေလငါးအလောင်းကို မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီလောက်မှာပဲ BOB ဟိုတယ်နားက ရေမတက်နိုင်တဲ့ သောင်ပြင်မှာမြှုပ်ထားကာ အရိုးကျတဲ့ အချိန်မှာ ပြန်လည်တူးဖော်ပြီး ငါးလုပ်ငန်းဦးစီးဌာန လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပုသိမ်မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။