သက်ငယ်မုဒိမ်းမှုပပျောက်ရေး လှုပ်ရှားမှုကမ်ပိန်း မုံရွာတွင် ပြုလုပ်
Aung Ko Latt
·
March 4, 2018
ပရဟိတအသင်းအဖွဲ့တွေစုပေါင်းပြီး သက်ငယ်မုဒိမ်း လျော့နည်းပပျောက်ရေးအတွက် လူထုလှုပ်ရှားမှု ကမ်ပိန်းတခုကို မုံရွာမြို့ လူစည်ကားရာနေရာတွေမှာ မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
လူငယ်တွေ အများစုပါဝင်တဲ့ သက်ငယ်မုဒိမ်းလျော့နည်းပပျောက်ရေး လှုပ်ရှားမှုကို လူစည်ကားရာ နေရာတွေဖြစ်တဲ့ ဈေးတွေ၊ လမ်းဆုံလမ်းမတွေမှာ လမ်းလျှောက်ကာ အသိညာပေး လုပ်ဆောင်ခဲ့တာပါ။
ဒီလှုပ်ရှားမှုကို မုံရွာအခြေစိုက် ပရဟိတလူမှုရေးအသင်းတွေသာမက မန္တလေးက ပရဟိတအဖွဲ့အချို့လည်း လာရောက်ပူးပေါင်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၁၇ ခုနှစ်မှာ မုဒိမ်းမှုပေါင်း ၁၀၄၅ မှုရှိခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက သက်ငယ်မုဒိမ်း ၇၅ မှုနဲ့ သက်ကြီးမုဒိမ်း ၆၅ မှု စုစုပေါင်း ၁၄၀ မှုနဲ့ တနိုင်ငံလုံးမှာ ပဉ္စမအများဆုံးဖြစ်ခဲ့ပါတယ်။
သက်ငယ်မုဒိမ်း ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ အရက်သေစာသောက်စားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ အသိပညာနည်းပါးတာ စတာတွေကြောင့်ဖြစ်ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ လှုပ်ရှားမှုမှာလည်း သက်ငယ်မုဒိမ်းနဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အချက် ၄၀ ကျော်ပါတဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြပါတယ်။
သက်ငယ်မုဒိမ်းကို နှစ်ရှည်ထောင်ဒဏ်ဆိုတာထက် သေဒဏ်သာပေးစေချင်တယ်လို့ လှုပ်ရှားမှုမှာပါဝင်တဲ့ အမျိုးသမီးတွေက တောင်းဆိုခဲ့ပါသေးတယ်။