Home
မြန်မာသတင်း
ဝိုင်းမော်မြို့တွင် ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
February 18, 2018
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ညနေ ၆ နာရီလောက်မှာ မူးယစ်တပ်ဖွဲ့စု ၂ မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဝိုင်းမော်မြို့နယ်၊ ဗလမင်းထင် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ နော်ဂျာ မောင်းနှင်ပြီး ဘရန်အောင် လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၁၉၈ ခွက် (ဘိန်းဖြူ အလေးချိန် ၂ ဒသမ ၁၇၈ ကီလို) ကို ဖမ်းဆီးမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ကွင်းဆက်အရ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခိုင်းသူ ဘရန်ဆိုင်းမှာ မြစ်ကြီးနားမြို့ မနောကွင်းထိပ်မှာ စောင့်ကြိုမယ်လို့ သိရှိရတာကြောင့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေရာ KLUGER မော်တော်ယာဉ်တစီး မနောကွင်းထိပ်မှ မောင်းနှင် ထွက်ပြေးသွားတယ်။ လိုက်လံဖမ်းဆီးရာ မော်တော်ယာဉ်ကို လုံဂါဘာစားသောက်ဆိုင်ရှေ့မှာ တွေ့ရှိရပြီး ဘရန်ဆိုင်းနဲ့ မမွန်းပန်ထံမှ လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညနေ ၆ နာရီကျော်မှာလည်း ပူးပေါင်းအဖွဲ့ဟာ လုံဂါဘာစားသောက်ဆိုင်အတွင်း မူဆယ်မြို့၊ မန့်ဝိန်း ရပ်ကွက်နေ နော်ဂျာ၊ လဝေါမ်၊ မဆိုင်းဆန့်နဲ့ ဇော်အောင်တို့အားတွေ့ရှိပြီး စားသောက်ဆိုင်ရှေ့ ရပ်ထားတဲ့ မော်တော်ယာဉ် ၂ စီးနဲ့ မော်တော်ဆိုင်ကယ် ၁ စီး တို့ကို ရှာဖွေရာခဲ့ကြပါတယ်။ နော်ဂျာ မောင်းနှင်တဲ့ မော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၂ ခွက် (ဘိန်းဖြူအလေးချိန် ၁ ဒသမ ၄၈၄ ကီလို)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇၀၀ ပြားနဲ့ လက်ကိုင်ဖုန်း ၆ လုံးကို ဖမ်းဆီးမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးရမိမှုမှာ စုစုပေါင်းငွေကျပ် ၃,၀၁၈ ဒသမ ၇ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ဆပ်ပြာခွက် ၃၃၀ ခွက် (ဘိန်းဖြူအလေးချိန် ၃.၆၆၂ ကီလို ) နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇၀၀ ပြား တို့ ဖြစ်ပါတယ်။ နော်ဂျာ (၁၉) နှစ်၊ ဘရန်အောင် (၂၄) နှစ်၊ ဘရန်ဆိုင်း (၂၀) နှစ်၊ မမွန်းပန် (၁၈)နှစ်၊ နော်ဂျာ (၂၆)နှစ်၊ လဝေါမ် (၂၇) နှစ်၊ မဆိုင်းဆန့် (၂၁) နှစ်နဲ့ ဇော်အောင် (၂၄) နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024