Homeမြန်မာသတင်း
မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲ ဝမ်းတွင်း မြတ်ညီနောင်ဘုရားပွဲတွင် ကျင်းပ (သတင်းဓာတ်ပုံ)
မြန်မာ့ရိုးရာ နွားအလှပြိုင်ပွဲ ဝမ်းတွင်း မြတ်ညီနောင်ဘုရားပွဲတွင် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
January 30, 2018
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မြတ်ညီနောင်ဘုရားပွဲမှာ နွားလှည်းနဲ့ နွားအလှ ပြိုင်ပွဲကို ဇန်နဝါရီ ၂၈ ရက်ကနေ ၃၁ ရက်အထိ ၄ ရက်တာ ကျင်းပနေပါတယ်။
မြန်မာ့ရိုးရာ နွားလှည်းနဲ့ နွားအလှပြိုင်ပွဲဓလေ့တခု တိမ်ကော ပျောက်ကွယ်မသွားအောင် ကျင်းပတာဖြစ်တယ်လို့ နွားပြိုင်ပွဲကော်မတီ ဦးထွန်းနိုင်က ပြောပါတယ်။
“ခေတ်ကြီးက ဘယ်လိုပဲ တိုးတက်ပါစေ၊ အရိုးပေါ် အရွက်မဖုံးစေနဲ့ဆိုတဲ့ စကားလိုပေါ့။ ရိုးရာဓလေ့ကို မမေ့စေချင်ဘူး။ လူငယ်တွေ နွားအလှတို့၊ ဒုန်းနွားတို့၊ နွားလှည်းအလှ ဆိုတာတွေကို မေ့သွားမှာ စိုးရိမ်တယ်။ မြန်မာရိုးရာဓလေ့ နွားပြိုင်ပွဲကို မမေ့အောင် အခုလို ဘုရားပွဲတော်မှာ နွားပြိုင်ပွဲ ထည့်ထားတာပါ။ တောင်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေမှာ အဓိကထားပြီး အသုံးပြုတာက နွားနဲ့လှည်းပေါ့။ အဲလိုအဓိကကျတဲ့ နွားနဲ့လှည်းကို လုပ်ငန်းခွင်သိမ်းတဲ့အချိန် ပစ်မထားဘဲ ဂရုစိုက်တတ်စေအောင် ရှေးလူကြီးတွေက ရိုးရာပြိုင်ပွဲ တခုအနေနဲ့ လုပ်လာကြတာပါ။”
ကန်ပေါက်ကြီးရွာဦးစိုးမြင့်က “မြန်မာ့ရိုးရာနွားပြိုင်ပွဲကို လာကြည့်တာပဲဖြစ်ဖြစ် နွားကိုလေ့ကျင့်ပြီး ဝင်ပြိုင်တာပဲဖြစ်ဖြစ် လုပ်ကြည့်စမ်းပါ။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီရိုးရာဓလေ့ကိုတော့ လူငယ်တွေ လက်ဆင့်ကမ်း ထိန်းသိမ်းစေချင်တယ်”လို့ ပြောပါတယ်။
မြန်မာ့ရိုးရာ နွားလှည်းနဲ့ နွားအလှပြိုင်ပွဲမှာ နွားကြီးခြေသွားအကျလှည်း၊ နွားလတ်ခြေသွား အကျလှည်း၊ နွားငယ်ခြေသွားအကျလှည်း၊ နွားငယ် ခြေသွားအကျ(လှည်းမပါ)၊ ဒုန်းနွားလှည်း ဆိုတဲ့ ပြိုင်ပွဲ ၅ မျိုး ထည့်သွင်းကျင်းပပါတယ်။
ပြိုင်ပွဲဝင်သူ ၉၂ ဦး ရှိပြီး ပြိုင်ပွဲတခုကို ဆု ၄ ဆု ချီးမြှင့်ပေးအပ်မှာ ဖြစ်ပါတယ်။ အများဆုံး ဆုကြေးငွေက ကျပ်၁ သိန်း ၃ သောင်း၊ အနည်းဆုံးဆုငွေက ၄ သောင်းခွဲဖြစ်ပြီး ဆုတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပေးအပ်မှာ ဖြစ်ပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)