မူဆယ်တွင် ပါးစပ်ကို တိပ်ဖြင့်ပတ်ထားသည့် အမျိုးသားအလောင်း တွေ့ရှိ
DVB
·
January 27, 2018
မူဆယ်မြို့နယ်မှာ ပါးစပ်ကို အ၀ါရောင်တိပ်နဲ့ပတ်ထားပြီး သေဆုံးနေတဲ့ အမည်မသိ အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီက မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာနေ အိုက်ဝင်းဆိုသူ တောင်ယာစိုက်ခင်း သွားရောက်စဉ် မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းကြီးဘေးရှိ ထင်းရူးတောအတွင်းမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။
အလောင်းမှာ ဝဲမျက်လုံးဖူးရောင်ညိုမည်းဒဏ်ရာ၊ ဦးခေါင်းမှာ ပတ်တီးစည်းထားပြီး ၂ လက်မအရွယ် ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်မှာ အဝါရောင်တိပ်နဲ့ ပိတ်လျက်သေဆုံးနေတာကို တွေ့ရှိကြောင်း အကြောင်းကြားလို့ မူဆယ်မြို့မရဲခစန်း တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အလောင်းကို မူဆယ်ဆေးရုံ ပို့ဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးမိရေး မူဆယ်မြို့မရဲခစန်း ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ (လူသတ်မှု/ အလောင်းဖျောက်ဖျက်မှု) နဲ့ အမှုဖွင့် စုံစမ်းနေကြောင်း သိရပါတယ်။