Homeမြန်မာသတင်း
လူငယ် ၅ ဦးထောင်ချခံရသည့်အပေါ်ရှုတ်ချသည့် လက်ကမ်းစာစောင်များကို တားမြစ်သိမ်းဆည်း
လူငယ် ၅ ဦးထောင်ချခံရသည့်အပေါ်ရှုတ်ချသည့် လက်ကမ်းစာစောင်များကို တားမြစ်သိမ်းဆည်း
DVB
·
January 15, 2018
အမှန်တရားပေါ်ပေါက်ရေးအတွက် ဆန္ဒပြခဲ့တဲ့ လူငယ် ၅ ဦးကို ထောင်ဒဏ် ရက် ၂၀ ချမှတ်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဒီကနေ့ကျရောက်တဲ့ ကယားပြည်နယ် အထိမ်းအမှတ်နေ့မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့သူတွေကို အာဏာပိုင်တွေက တားမြစ်ပြီး လက်ကမ်းစာစောင်တွေကို သိမ်းဆည်းခဲ့ပါတယ်။
လက်ကမ်းစာစောင် ဖြန့်ဝေရာမှာ ပါဝင်ခဲ့တဲ့ ကရင်နီပြည် လူငယ်များသမဂ္ဂအဖွဲ့ဝင် ကိုအောင်နိုင်စိုးက “လူငယ် ၅ ယောက်ကို မတရား ထောင်ချတဲ့အတွက် ဒီမတရားမှုကို ပြန်တွန်းလှန်ဖို့အတွက်ပေါ့နော်။၊ ကျနော်တို့က အများကို သိရှိစေအောင် လှုပ်ရှားခြင်း ဖြစ်တယ်။ အခု သူတို့က ဒီမျိုးလာသိမ်းရတာက ကျနော်တို့ လုပ်တာ တရားမဝင်လို့ လားပေါ့နော်။ ဘာဖြစ်လဲ သူများကို မသိစေချင်လို့လားပေါ့နော်။ ကျနော်တို့လည်း လာလည်တဲ့ လူထုတွေကို အနှောင့်အယှက်ပေးတာလည်း မရှိပါဘူး။ ကျနော်တို့က လက်ကမ်းစာစောင် ဝေတယ်။ ရှင်းပြတာရှိတယ်။ ဒါလောက်ပဲ ကျနော်တို့ လုပ်ပါတယ်။ ပွဲလာတဲ့ လူတွေကို နှောင့်ယှက်တာလည်း မရှိပါဘူး” လို့ ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို လွိုင်ကော်မြို့နယ် ကေအန်ပီပီရဲ့ ယာယီ စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၀ ရက်က ကယားပြည်နယ် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) လွိုင်ကော် လက်အောက်ခံတပ်က ဖမ်းဆီးပြီး သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စအပေါ် အရပ်ဘက် အဖွဲ့အစည်း ၆ ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံတဝန်းလုံးရှိ အရပ်ဘက်အဖွဲ့အစည်း ၁၆၃ ဖွဲ့က ဝန်းရံ ထောက်ခံ ထားပါတယ်။
ကယားပြည်နယ်က လက်နက်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)နဲ့ ကယန်းပြည်သစ်ပါတီ (ကေအန်အယ်ပီ)တို့ကလည်း ဖမ်းဆီးခံထားရတဲ့ လူငယ် ၅ ဦးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့် ပူးတွဲတောင်းဆိုထားပါတယ်။
ဒါ့အပြင် ကယားပြည်နယ် လွှတ်တော်ရဲ့ တိုင်စာ၊ ပစ်စာ လေ့လာဆန်းစစ်ရေး ကော်မတီဝင် ၅ ဦးကလည်း ကယားပြည်နယ်ရဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအဖွဲ့တွေကို အယုံအကြည်မရှိလို့ ဇန်နဝါရီ ၁၀ ရက်က နုတ်ထွက်သွားခဲ့ပါတယ်။
သတင်း - ခွန်တူးတူးလေး