ရပ်ထားသည့် ၁၂ ဘီးကားနောက်ကို ဆိုင်ကယ်ဖြင့် ဝင်တိုက်သည့် ၈ တန်းကျောင်းသား သေဆုံး
DVB
·
January 9, 2018
ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင် ၃၆၄/၄နဲ့ ၅ အကြား ဝမ်းတွင်းမြို့နယ်မှာ ဇန်နဝါရီ ၈ ရက်ညက စက်ချို့ယွင်းပြီး ရပ်ထားတဲ့ ၁၂ ဘီးကားနောက်ပိုင်းကို ဆိုင်ကယ်နဲ့ ဝင်တိုက်မိခဲ့လို့ ၈ တန်းကျောင်းသား ၁ ဦးသေဆုံးသွားတယ်လို့ ရွှေတောင်ရွာ ရဲစခန်းတာဝန်မှူး ရဲအရာရှိက ပြောပါတယ်။
ဝမ်းတွင်းမြို့ဘက်က ပြန်လာတဲ့ ညောင်ပင်လှရွာနေသူ အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသား သီဟထွန်းမောင်းပြီး နောက်ခုံမှာ အကိုဖြစ်သူ ကျော်မျိုးအောင် စီးလာတဲ့ ဆိုင်ကယ်က စက်ချို့ယွင်းရပ်ထားတဲ့ ၁၂ဘီးကားနောက်ပိုင်းကို အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိတာပါ။
အခင်းဖြစ်တဲ့နေရာမှာပဲ သီဟထွန်းသေဆုံးပြီး အကိုဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။
ရွှေတောင်ရွာရဲစခန်းစခန်းမှူး ရဲအုပ်ကျော် နိုင်စိုးက “၁၂ ဘီးကားက ပျက်လို့ ရပ်ထားတာ။ ၂ ရက်လောက်ရှိနေပြီ။ ဆိုင်ကယ်အရှိန်များပြီး လမ်းဘေးကျတာကို ပြန်ဆွဲအတင်မှာ ကားနောက်ပိုင်း ထောင့်ကို တိုက်မိတယ်။ ညီအစ်ကို ၂ယောက်လုံး ဦးခေါင်းပိုင်းတွေ ဒဏ်ရာရတယ်။ သီဟထွန်းကတော့ နေရာတင် သေဆုံးတယ်။ ပရဟိတကွန်ရက်ကားနဲ့ပဲ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်"လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ သီဟထွန်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ (ပ)၃/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)