ရခိုင်အရေးသည် နိုင်ငံဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှုဖြစ်ဟု NLD ကြေညာ
DVB
·
January 4, 2018
ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ အရေးဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားဂုဏ်သိက္ခာနဲ့ အမျိုးသားအချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှု ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးဟာ မြန်မာတနိုင်ငံလုံးရဲ့အရေး ဖြစ်သလို ရခိုင်အမျိုးသားများရဲ့ အရေးဟာလည်း မြန်မာတမျိုးသားလုံးရဲ့ အရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ကို လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပချိန်မှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ဖတ်ကြားသွားတာဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းအချို့နဲ့ နိုင်ငံကြီးအချို့က မြန်မာနိုင်ငံအပေါ် ငြိုးသူရန်ဘက်ပမာ တိုက်ခိုက်နေမှုတွေနဲ့ ပိတ်ဆို့ အရေးယူမှုအချို့ကို မြန်မာနိုင်ငံအနေနဲ့ တုန်လှုပ်မှုမရှိဘဲ ပကတိ အမှန်တရားနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေနဲ့သာ တုံ့ပြန်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒ့ါအပြင် ခြားနားတဲ့ လူမျိုး၊ ဘာသာနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ သင့်မြတ်ချစ်ကြည်စွာ နေထိုင်ရေး၊ ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေး စတဲ့ ဘက်ပေါင်းစုံ ဖြည့်ဆည်းဆောင်ရွက်ချက်တွေဟာ ပဋိပက္ခဖြစ်ပွားတဲ့ နေရာဒေသတွေမှာ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိနေနေပြီး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်ကို ထပ်မံမြှင့်နိုင်ခဲ့ပြီလို့လည်း ပါတီကြေညာချက်မှာဖော်ပြထားပါတယ်။
အခမ်းအနား နာယက တာဝန်ယူထားတဲ့ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း မြန်မာနိုင်ငံမှာ ဧည့်သည်အနေနဲ့ လာရောက် နေထိုင်တဲ့သူတွေအနေနဲ့ အချုပ်အခြာအာဏာကို ထိပါးခွင့်မရှိသလို ဥပဒေတွေကို လေးစားလိုက်နာရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
အန်အယ်လ်ဒီပါတီက ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ၈၈ မျိုးဆက်တွေ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာသံတမန်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ-NLD