Homeမြန်မာသတင်း
နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူတွေကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
DVB
·
December 29, 2017
မွန်ပြည်နယ် သထုံခရိုင်အတွင်းမှာ ယခုနှစ်နွေစပါးနဲ့ ဆောင်းသီးနှံစိုက်ပျိုးမယ့်တောင်သူတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ အရင်းအနှီးအထောက်အပံ့ရစေရေးအတွက် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်က ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေသိန်းပေါင်း ၃၀၀၀၀ ကျော်ကို ထုတ်ချေးပေးခဲ့တယ်လို့ သထုံမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။
သထုံမြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်အေးအေးသိန်းက “မနှစ်ကထိတော့ ဆောင်းသီးနှံချေးငွေကို ၂ သောင်းနှုန်းနဲ့ ပဲထုတ်ချေးပေးခဲ့တာပါ။ ဒါကိုတောင်သူတွေဘက်က အဆင်မပြေကြဘူးလို့ကြားတယ်။ ပြီးတော့သူတို့ရဲ့ တင်ပြချက်တွေအပေါ် ဗဟိုစာရင်းအင်းဋ္ဌာနရဲ့ ကွင်းဆင်းစီစစ်ချက်တွေအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီနှစ်မှာတော့ ၃ သောင်းထပ်တိုးပြီး တစ်ဧကကို ၅ သောင်းနှုန်းနဲ့ ပြန်ပြီးထုတ်ချေးပေးရတာပါ” လို့ ပြောပါတယ်။
ဆောင်းသီးနှံစိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ အဆိုပါငွေထုတ်ချေးနိုင်ဖို့အတွက် ကျေးရွာအုပ်စုချေးငွေ စီစစ်ရေးကော်မတီအဖွဲ့ရဲ့ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားနဲ့အတူ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ မူရင်းတင်ပြနိုင်တဲ့ တောင်သူ ၃ ဦးလျှင်တဖွဲ့ နှုန်းနဲ့ အစုအဖွဲ့ စနစ်နဲ့ ထုတ်ချေးပေးနေကြောင်း သိရပါတယ်။
ပေါင်မြို့နယ်က တောင်သူတဦးဖြစ်သူ ဦးကွန်ဘက “ဒီလိုမျိုးထပ်တိုးချေးပေးတယ်ဆိုတော့ ကျနော်တို့လို တောင်သူတွေအနေနဲ့ ပိုပြီးအဆင်ပြေသွားတာပေါ့။ အရင်တုန်းက စိုက်ဘဏ်က ချေးပေးတယ်ဆိုပေမယ့် ကုန်ကျစရိတ်ကမလောက်ငှရင် အပြင်မှာ ထပ်ပြီးချေးရတယ်။ အတိုးတော့များတာပေါ့။ အစိုးရကချေးပေးတဲ့ ငွေဆိုတော့ အချိန်တန်တာနဲ့ ပြန်ပေးရတာပေါ့” လို့ ပြောပါတယ်။
အဆိုပါအစုအဖွဲ့နဲ့ ထုတ်ချေးရာမှာ နွေစပါး ၁ ဧကအတွက် ၁ သိန်းခွဲနှုန်းနဲ့ ဆောင်းသီးနှံ ၁ ဧကအတွက် ၅ သောင်းနှုန်းနဲ့ သထုံခရိုင်အတွင်းရှိကျေးရွာအုပ်စုပေါင်း ၆၁ အုပ်စုက နွေစပါးနဲ့ ဆောင်းသီးနှံစိုက်တောင်သူ ၅၄၆၄ ဦးတို့ကို စိုက်ပျိုးစရိတ်ချေးငွေတွေ အချိန်မီထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။
သတင်း-ယူမင်းစိုး