မိတ္ထီလာ-သာစည်လမ်းတွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်
DVB
·
December 24, 2017
မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-သာစည်လမ်း ဥယျာဉ်ရွာအနီးမိုင်တိုင် ၃/၃နှင့်၎ အကြား ဒီဖင်ဘာ ၂၃ ရက် ညနေပိုင်းက ဆိုင်ကယ် ၂ စီး မျက်ချင်းဆိုင်တိုက်မိပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
ဖြစ်စဉ်မှာ သာစည်ဘက်ကလာတဲ့ တပ်သားနိုင်လင်း စီးလာတဲ့ဆိုင်ကယ်နဲ့ မိတ္ထီလာဘက်ကလာတဲ့ ကိုဇော်ဝင်းနိုင် မောင်းပြီးနောက်ခုံမှာ ဒေါ်လှဝင်းကြည်လိုက်ပါလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ၃ ဦးလုံး ဒဏ်ရာရသွားတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။
မိတ္ထီလာအမှတ်(၂)ရဲစခန်းဒုရဲအုပ် အောင်သိုက်က “တပ်သားနိုင်လင်းကတော့ ယာမျက်ခုံးပေါက်တယ်။ ဝဲဒူးနဲ့ယာခြေထောက် ပေါက်ပြဲသွားတယ်။ တပ်မတော်ကုတင် ၅၀၀ ဆေးရုံ ပို့ပေးရတယ်။ ကိုဇော်ဝင်းနိုင်ကတော့ နှာခေါင်းက သွေးထွက်၊ ဝဲဒူးပေါက်ပြီး ယာမျက်လုံး ရောင်နေတယ်။ ဒေါ်လှဝင်းကြည်က လက်နဲ့ခြေထောက်ပွန်းပဲ့သွားတယ် မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။
မိတ္ထီလာအမှတ်(၂)ရဲစခန်းက တပ်သားနိုင်လင်းနဲ့ ကိုဇော်ဝင်းနိုင်တို့ ၂ ဦးကို ယာဉ်မဆင်မခြင် ပေါ့ဆစွာမောင်းလို့ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ- ၃၃၇/၃၃၈နဲ့ အမှုဖွင့်ထားပြီး ရထပ(၁)ကတပ်သားနိုင်လင်းကို တပ်မတော်ဖက် အမှုလွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)