မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်နိုင်ရေး ကျူးကျော်များအတွက် မြို့သစ်တည်ပေးမည်
ဆုဆုသွယ်
·
December 19, 2017
ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းတင်သွင်းနိုင်ဖို့ စီစဉ်နေရာမှာ ကျူးကျော်နေထိုင်သူတွေ ရှိနေတဲ့အတွက် သူတို့ကို မြို့သစ်တည်ထောင်ပြီး မြေနေရာပေးနိုင်ဖို့ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီစဉ်နေပါတယ်။
လတ်တလော စီစဉ်သတ်မှတ်ပေးထားတဲ့ မြေနေရာဟာ ကမ္ဘာ့အမွေအနှစ်ဒေသကို ထိခိုက်မှုရှိ၊ မရှိ နိုင်ငံတကာက ပညာရှင်တွေက လာရောက်ဆန်းစစ်ပြီးမှသာ မြေနေရာ သတ်မှတ်ပေးသွားမယ်လို့ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် တင်သွင်းရေး အဆိုပြုလွှာ ရေးသားရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်နုမြဇံက ပြောပါတယ်။
ရှေးဟောင်းမြေနေရာတွေမှာ ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အဦ အများစုမှာ လူနေအိမ်တွေ၊ အစိုးရဌာနဆိုင်ရာ အဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေလည်း ပါဝင်ပါတယ်။
ဖယ်ရှားရမယ့် လူနေအိမ်တွေအတွက် အစိုးရက မြေနေရာအပြင် အိမ်အပြောင်းအရွှေ့လုပ်ငန်းတွေမှာပါ ပံ့ပိုးကူညီမှာဖြစ်ပေမယ့် အိမ်ကိုတော့ တည်ဆောက်ပေးမှာ မဟုတ်ဘူးလို့ ဒေါ်နုမြဇံက ပြောပါတယ်။
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ အဆိုပြုလွှာရေးသားနိုင်ဖို့အတွက် လက်ရှိမှာ ရှေးဟောင်းသုတေသနပညာရှင်တွေက မြောက်ဦးဒေသက ဘုရား၊ ပုထိုးစေတီစာရင်းတွေ၊ အနုပညာလက်ရာတွေရဲ့ ထူးခြားပြောင်မြောက်မှုတွေနဲ့ ပြတိုက်တွေမှာရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို စာရင်းပြုစု ရေးသားနေပြီး အဲဒီစာတမ်းတွေကို ယူနက်စကိုက ပညာရှင်တွေက လာရောက်စစ်ဆေးနေပါတယ်။
ကမ္ဘာ့အမွေအနှစ် သတ်မှတ်နိုင်ဖို့အတွက် အဆိုပြုလွှာကိုတော့ ၂၀၁၈ စက်တင်ဘာမှာ နောက်ဆုံးထားပြီး ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ကို တင်သွင်းရမှာ ဖြစ်ပါတယ်။
မြောက်ဦးမြို့ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် မြို့ခံတွေကလည်း ဒီဇင်ဘာ ၁၇ ရက်မနက်က မြို့တွင်း နေရာအနှံ့အပြားမှာ မြို့လုံးကျွတ် သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။