မိတ္ထီလာ-တောင်ကြီးလမ်းတွင် အမည်းရောင် ဘိန်းစိမ်းများ ဖမ်းမိ
DVB
·
December 15, 2017
မိတ္ထီလာ-တောင်ကြီးကားလမ်းမှာ ဒီဇင်ဘာ ၁၄ ရက်မနက်က တောင်ကြီးဘက်က ဆင်းလာတဲ့ ဒို့ညီနောင် ခရီးသည်တင်ကား စီးလာတဲ့ အမျိုးသား ၂ ဦးရဲ့ ခရီးဆောင်အိတ်ထဲက အမည်းရောင် ဘိန်းစိမ်း ၂၈ ဒသမ ၈ ကီလိုဂရမ် ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
သာစည်မြို့နယ် ကျွဲတပ်ဆုံရွာ တိုးဂိတ်မှာ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စု ရဲအုပ်လင်းထွန်းအဖွဲ့နဲ့ သာစည်မြို့နယ် ရဲတပ်ဖွဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တောင်ကြီးဘက်က ဆင်းလာတဲ့ ဒို့ညီနောင် ခရီးသည်တင်ကားကို ရပ်တန့်ရှာဖွေခဲ့ပါတယ်။
ကားပေါ်မှာစီးလာတဲ့ မိုးဗြဲမြို့ ဒုံးဒူထန်ရပ်ကွက်မှာ နေတဲ့ ဦးခန်း(ခ)မောင်ခန်းနဲ့ ဖယ်ခုံမြို့၊ ဟန်ဘူရွာမှာ နေတဲ့ ခူးပေါလုတို့ရဲ့ အပြာရောင်ခရီးဆောင်အိတ်ထဲက အမည်းရောင် ဘိန်းစိမ်း ၁၅ ဒသမ ၆ ကီလိုဂရမ်နဲ့ အစိမ်းရောင်ခရီးဆောင်အိတ်ထဲက ဘိန်းစိမ်း ၁၃ ဒသမ၂ ကီလိုဂရမ်ကို သက်သေတွေရှေ့မှာ ရှာဖွေသိမ်းဆည်းခဲ့တယ်လို့ သာစည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
သာစည်မြို့မရဲစခန်း ဒုရဲအုပ်ဝေဖြိုးအောင်က “ခူးပေါလု ဝတ်ထားတဲ့ အနွေးထည်အိတ်ကပ်ထဲက ခုံအမှတ် ၁၀နဲ့၁၄ကားလက်မှတ်တစ်စောင်တွေ့တယ် ဦးခန်းလွယ်ထာတဲ့ အနက်ရောင်လွယ်အိတ်ထဲက ခုံအမှတ် ၁၀နဲ့၁၄ လက်ခံလေဘယ်ကဒ်ပြား တွေ့တယ်စုစုပေါင်းဘိန်းစိမ်း ၂၈ဒသမ၈ ကီလိုဂရမ် ဖမ်းမိတယ် ခန့်မှန်းတန်ဖိုး ၄၂ ၃သိန်း တန်ပါတယ် ဆက်စပ်ကွင်းဆက်များ စုံစမ်းနေတယ်"လို့ ပြောပါတယ်။
သာစည်မြို့မရဲစခန်းမှာ ခူးပေါလုနဲ့ဦးခန်းတို့ကို မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေအရ လက်ဝယ်ထားရှိမှု၊ ရောင်းချမှု၊ ဖြန့်ဖြူးမှု ပုဒ်မ ၁၅/၁၉(က)/၂၁တို့နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)