မလေးရှားမှ အထောက်အထားမရှိ ပြန်ဝင်လာသူအား လ.ဝ.က ဥပဒေဖြင့် အမှုဖွင့်
DVB
·
December 14, 2017
မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်နဲ့ သွားရောက်ခဲ့ပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာသူ တဦးကို ဒီဇင်ဘာ ၁၃ ရက်က လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
မိတ္ထီလာမြို့ ချမ်းအေးသာယာ ရပ်ကွက်နေသူ မင်းချမ်း(ခ)ငြိမ်းချမ်း(ခ)အာရာဖတ်ဟာ ၂၀၁၄ ခုနှစ်က မလေးရှားနိုင်ငံရှိ အစ်မဖြစ်သူ မဝိုင်းလေးဆီမှာ အလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်လုပ်ပြီး ၃ လကြာ သွားရောက်နေထိုင်တယ်။ အဲဒီနောက် ထိုင်းနိုင်ငံကတဆင့် အထောက်အထားမပါဘဲ မြန်မာနိုင်ငံထဲကို ခိုးလမ်းကနေ ပြန်လာတယ်ဆိုတာ မန္တလေးမြို့ အမှတ် (၃) မှုခင်းတပ်ဖွဲ့ခွဲက စိစစ်တွေ့ရှိလို့ ဒီနေ့ပဲ ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့မရဲစခန်းတာဝန်မှူး ရဲအရာရှိက ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူဟိန်းက “နိုင်ငံကူးလက်မှတ်နဲ့သွားပြီး အထောက်အထားမဲ့ ပြန်လာတယ် ၂၀၁၄ ခုနှစ် သြဂုတ်လမှာ ဖြစ်ခဲ့တယ်။ ဒီနေ့ပဲ လ.ဝ.က ဦးစီးမှူးက တရားလိုလုပ်ပြီး အမှုဖွင့်တယ်"လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းက မင်းချမ်း(ခ)ငြိမ်းချမ်း(ခ)အာရာဖတ်ကို နိုင်ငံကူးလက်မှတ်နဲ့ သွားပြီး တရားမဝင်ပြန်လာမှု ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုအမှတ် (ပ)၅၀၅/၂၀၁၇ နဲ့ အရေးယူထားပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)