မြောက်ဦးအနီးတွေ့သည့် လက်လုပ်မိုင်း အေအေ ထောင်ထားဟု တပ်မတော်ထုတ်ပြန်
DVB
·
December 8, 2017
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အနီး ဘေလီတံတားအောက်မှာ ဒီဇင်ဘာ ၇ ရက်က တွေ့ရှိတဲ့ လက်လုပ်မိုင်းနှစ်လုံးဟာ ရက္ခိုင့်တပ်မတော် (AA) အဖွဲ့က ထောင်ထားတဲ့ လက်လုပ်မိုင်းတွေဖြစ်ပြီး တပ်မတော်က ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
မြောက်ဦးမြို့ရဲ့ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ ရန်ကုန်-စစ်တွေသွားကားလမ်း ပေါ်ရှိဘေလီတံတား အောက်ခြေမှာ အေအေအဖွဲ့က ထောင်ထားတဲ့ ဆိုင်ကယ်ဘထ္ထရီ ၂ လုံးနဲ့ လျှပ်စစ်ခလုတ် နှစ်ခုတပ် ၁ ပေပတ်လည်ခန့်ရှိ သံကိုယ်ထည်ဇလားပုံ လက်လုပ်မိုင်း နှစ်လုံးကို ပေ ၄၀ လောက်ခွာပြီး ထောင်ထားတာတွေ့လို့ သက်မဲ့ပြုလုပ် ဖယ်ရှား ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေရာအနီးတဝိုက်မှာ တပ်မတော်က နယ်မြေရှင်းလင်းတာတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ မြောက်ဦးမြို့ အနီးတဝိုက်မှာ အလားတူ လက်လုပ်မိုင်းတွေ မကြာခဏ တွေ့ရှိပြီး ဒီတကြိမ်တွေ့ရှိမှုဟာ ၄ ကြိမ်မြောက် ဖြစ်ပါတယ်။
ဓာတ်ပုံ-CINCDS