ဖားကန့်မြို့နယ် ဆိတ်မူရွာတွင် မီးလောင်
နန်းမြနဒီ
·
December 7, 2017
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုထဲမှာ ဒီနေ့ မနက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဆိတ်မူကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာရှိ ဦးကျော်ထွန်းဆိုသူပိုင်တဲ့ ကုန်စုံဆိုင် တစ်ဆိုင်မှာ ဒီနေ့ မနက် ၁၁ နာရီလောက်က ဘုရားမီးပူဇော်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိတ်မူကျေးရွာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကုန်စုံဆိုင်ပေါ့နော်။ နှစ်ထပ် ပျဉ်ထောင်အိမ်အပေါ်မှာ လူနေပြီး အောက်ထပ်မှာ ဈေးဆိုင်ဖွင့်ထားတာ၊ အန်ကယ်လ်တို့ရုံးနဲ့ နီးနီးလေးဘဲ၊ ဘာဖြစ်လို့လောင်လဲဆိုတော့ အပေါ်ထပ်မှာ ဘုရားမီးပူဇော်ရာကနေ မီးစွဲလောင်တာတဲ့။ မီးလောင်နေတာ ဒီကနေ လှမ်းမြင်နေရတယ်။ ရုံးကလူငယ် ၂ ယောက်သွားကူဖို့ လွှတ်လိုက်တယ်။ တရပ်ကွက်လုံး သွားကူကြတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ မီးသတ်ကား တစ်စီးရောသွားတယ်။ အကုန် ၀ိုင်းငြှိမ်းတော့ သိပ်မကြာဘူး။ နာရီဝက်လောက်ဘဲ ထင်တယ်၊ မီးလည်း ငြိမ်းသွားတယ်။ ဖားကန့်နဲ့ ဆိတ်မူဘက်က မီးသတ်ကားတွေ ရောက်လာတော့ မီး ကငြိမ်းနေပြီ။”
မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိဘဲ နေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းထဲက ရောင်းကုန်ပစ္စည်းတွေပါ မီးထဲပါသွားပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးပမာဏကိုတော့ မသိရသေးပါဘူး။