ခရီးသည်အမျိုးသမီး ၂ ဦးထံမှ စိတ်ကြွဆေးပြား ၉ သောင်း ဖမ်းမိ
DVB
·
December 6, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင် ၄၀/၆ နဲ့ ၇ အကြား မုံပင်ရွာအနီး ဒီဇင်ဘာ ၅ ရက်ညနေက တောင်ကြီးဘက်က ဆင်းလာတဲ့ ခရီးသည်တင် မှန်လုံကားမှာ စီးလာတဲ့ အမျိုးသမီး ၂ ဦးဆီက စိတ်ကြွဆေးပြား ၉ သောင်း ဖမ်းမိတယ်လို့ သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။
သာစည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဒို့ညီနောင် မှန်လုံခရီးသည်တင်ကားကို ရပ်တန့်ရှာဖွေရာမှ မိုင်းရှူးမြို့နယ် ဝမ်လိုင်ရွာနေ မနာမီရဲလ်နဲ့ မနာမီရလ်ခါးတို့ဆီကနေ ဖမ်းဆီးမိခဲ့တာလို့ ယင်းမာပင်ရွာရဲစခန်းတာဝန်ရှိသူ တဦးက ပြောပါတယ်။
ယင်းမာပင်ရွာ အမှုစစ်ရဲအရာရှိက “ဆေးပြားတပြားကို ကာလတန်ဖိုး ၅၀၀၀ ကျပ် ရှိတယ်၊ ဆေးပြား ၉ သောင်းဆိုတော့ ကျပ်သိန်း ၄၅၀၀ တန်ဖိုးသင့်တယ်။ ဆက်စပ်ကွင်းဆက်များ ဆက်စုံစမ်းနေတယ်"လို့ ပြောပါတယ်။
ယင်းမာပင်ရွာရဲစခန်းမှာ မနာမီရလ် နှင့် မနာအီး တို့နှစ်ဦးအား ဖမ်းဆီးပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဥပဒေ၊ လက်ဝယ်ထားရှိမှု၊ သုံးစွဲမှု၊ရောင်းချမှု၊ ထုတ်လုပ်ဖြန့်ဖြူးမှု ပုဒ်မ ၁၅/၁၉-က/၂၀-က/၂၁ တို့နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)