မြင်းမူမြို့နယ်တွင် လူသတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား
DVB
·
December 5, 2017
မြင်းမူမြို့နယ်မှ မြောင်မြို့သွားတဲ့လမ်းမှာ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၇ ကျော်လောက်က လူတဦးကို ဓားနဲ့ခုတ်သတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့တယ်လို့ မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ဓားခုတ်ခံရလို့ သေဆုံးသွားသူကတော့ မြင်းမူမြို့နယ် ကျော့မင်းကျေးရွာနေထိုင်တဲ့ ကိုတိုးမြင့်ဆိုသူဖြစ်တယ်လို့သိရပြီး ဖြစ်ပွားရာနေရာမှာ ဓားဒဏ်ရာတွေနဲ့ လဲကျသတိလစ်နေကာ မြင်းမူပြည်သူ့ဆေးရုံအရာက်မှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
မြင်းမူမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ထွန်းသိန်းက “လူပါ ဓားနဲ့ခုတ်ပြီး လုယက် သွားတယ်လို့ ယူဆပါတယ်။ ကိုတိုးမြင့်က မြောင်ဘက်ကို ဆိုင်ကယ်နဲ့အသွား လမ်းမှာ အခုလိုဖြစ်သွားတာ။ သူမောင်းလာတဲ့ ဆိုင်ကယ်လည်း ပျောက်နေတယ်။ ပြုလုပ်သူက မည်သူမည်ဝါဆိုတာကတော့ ဖမ်းဆီးစစ်ဆေးပြီးမှ ပြောလို့ရမှာပါ။ လတ်တလောကတော့ တရားခံကို ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။
သေဆုံးသွားသူရဲ့ မျက်နှာ၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ဝမ်းဗိုက်နေရာအချို့မှာလည်း ဓားဒဏ်ရာ တွေ တွေ့ရှိရပြီး ဓားအရွယ်ပမာဏာကိုတော့ သက်သေခံပစ္စည်းမတွေ့ရသေးတဲ့အတွက် မသိရှိသေးပါဘူး။
အခုလို လုယက်လူသတ်မှုနဲ့ပတ်သက်ပြီး လတ်တလောမှာ မြင်းမူမြို့မရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ /၃၀၂ နဲ့ အမှုဖွင့်ထားပြီး တရားခံတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး