Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာသည့် ဟိန္ဒူ ၃၀၀ ကျော် နေရပ်ပြန်
DVB
·
December 3, 2017
  အကြမ်းဖက်မှုတွေကြောင့် နေရပ်မပြန်ရဲဘဲ ကျန်ရှိနေတဲ့ စစ်တွေမြို့ ဓညဝတီ အားကစားကွင်းက ဟိန္ဒူ ၅၀၀ ကျော်ဟာ ဒီဇင်ဘာ ၅ ရက်နေ့ နောက်ဆုံးနေရပ်ကို အပြီးပြန်ရတော့မှာ ဖြစ်ပါတယ်။ မောင်တောဒေသမှာ သြဂုတ် ၂၅ ရက်နေ့က အကြမ်းဖက်မှုတွေတဖန် ဖြစ်ပေါ်ခဲ့ပြီးနောက် နေရပ်မပြန်ရဲဘဲ ကျန်ရှိနေတဲ့ ဟိန္ဒူ ၅၀၀ ကျော်ဟာ ဒီဇင်ဘာ ၃ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ နေရပ်ကို အစိုးရအစီအစဉ်နဲ့ ပြန်ကြတော့မှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တွေမြို့ ဓညဝတီကွင်းက ဟိန္ဒူ ၃၀၀ ကျော်ကို ပထမအသုတ်အနေနဲ့ မောင်တောဒေသကို ထွက်ခွာသွားကြပြီး၊ ဒုတိယအသုတ်အနေနဲ့ ဒီဇင်ဘာ ၅ ရက်နေ့ အားလုံးထွက်ခွာကြာမှာ ဖြစ်ပါတယ်။ စစ်တွေမြို့ ဓညဝတီရပ်ကွက် အားကစားကွင်း ဟိန္ဒူကယ်ဆယ်ရေးစခန်းတာဝန်ခံ ဦးနီမောလ်က “လူဦးရေ ၃၄၈ ယောက်ပါ။ အိမ်ထောင်စုကတော့ ၉၈ အိမ်ပါ။ အစိုးရကတော့ လိုလေသေးမရှိ အောင်စီစဉ်ပေးပြီးမှ ရေရော ထမင်းရော၊ သင်္ဘောရော၊ ကားရောဘာညာပေါ့။ အဲ့ဒီလိုစီစဉ်ပေးပြီးမှာ အဲ့ဒီမှာ ခရက နောက်လိုင်းတန်းကို ပို့ပေးမယ်လို့ ပြောပါတယ်။ ဟိုဘက်မှာတော့ ဘယ်လောက်ထိများ အဆင့်ဖြစ်နေပြီလဲဆိုတော့ ကျနော်လည်း မသိဘူး။ အစိုးရကလည်း စိတ်ချပါဆိုတော့ ဒီမှာလည်း ကူညီပေးတယ်။ ဟိုမှာလည်း ကူညီပေးသွားမယ်လို့လည်း ပြောထားပါတယ်”လို့ ပြောပါတယ်။ ဒါပေမယ့် ဟိန္ဒူအများစုကတော့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့နေရာတွေမှာ သွားရောက်အခြေချနေထိုင်ရမှာကို စိုးရိမ်နေကြသလို သူတို့ရဲ့နေရပ်ရင်းကိုလည်း မပြန်ချင်ကြသူတွေလည်း ရှိနေကြပါတယ်။ မောင်တောမြို့နယ်၊ လေးမိုင်ရပ်ကွက်က အကြမ်းဖက်ခံရမှုတွေကြောင့် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးအီးအန်က “ပြန်ချင်တဲ့စိတ်တော့ မရှိဘူး။ အဲဒီမှာ မွတ်ဆလင်တွေက တအားများတယ်။ ဒါပေမယ့် ကျနော်တို့ အိမ်ခြေ ၅၀ လောက်ကတော့ မောင်တောကနေ လာကြတာပေါ့။ သူတို့လည်း ပြန်တယ်ဆိုတော့ ကျနော်တို့လည်း သွားရ တာပေါ့။” ဟိန္ဒူအချို့ကိုတော့ မောင်တော အ-ထ-က(၁) ယာယီကန့်မှာ နေရာချထားပေးမှာဖြစ်ပြီး တချို့ကိုတော့ သူတို့ရဲ့ နေရပ်ကို ကားတွေနဲ့ ပို့ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူတို့အတွက် စားနပ်ရိက္ခာတွေကို ၂ ပတ်စာ ပေးအပ်သွားမယ်လို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ဒီဗွီဘီကိုပြောပါတယ်။ “ဒီကနေ့ ဘူးသီးတောင်မှာ သူတို့ကို ကားတွေနဲ့ သွားကြိုနေတယ်။ မူလအိမ်တွေရော ပြန်လိုက်ပို့ပေးဖို့၊ မူလ အိမ်မရှိသူတွေ မီးလောင်သွားတဲ့ သူတွေအတွက်တော့ ကန့်မှာထားမယ်။ အဲဒီမှာ ကျွေးထားမှာပေါ့။ သူတို့နေဖို့အတွက် ကန်ပတွေဆောက်တယ်။ လောလောဆယ်တော့ အ-ထ-က (၁) ယာယီကန့်မှာပဲ ထားမယ်။ ထပ်ရောက်လာတဲ့အထဲက အိမ်ခြေမရှိတဲ့သူတွေ အဲဒီမှာပဲ ဆက်ထားမယ်။ လောလောဆယ်စားဖို့ ဆင်ဆီးဆားနှစ်ပတ်စာလောက်ကို ပေးဖို့စီစဉ်ထားတယ်” လို့ပြောပါတယ်။ ဒီကနေ့မှာ စစ်တွေကနေ မောင်တောကို ထွက်ခွာလာမယ့် ဟိန္ဒူဘာသာဝင်တွေနေထိုင်ဖို့ ယာယီတဲအဆောင်ပေါင်း ၈၀ ကို ဆောက်လုပ်နေပြီး မကြာခင် ပြီးစီးနေရာချထားတော့မယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဟိန္ဒူတွေနေထိုင်တဲ့ရွာတွေဟာ တခြားဘာသာဝင်လူမျိုးတွေနဲ့ အလှမ်း ဝေးပြီး သီးသန့်ကြီး ဖြစ်နေတာရယ်၊ လုံခြုံရေးမရှိသေးတာကြောင့် ဟိန္ဒူတွေအနေနဲ့ နေရပ်ပြန်ဖို့ စိုးရိမ် နေကြသေးတယ်လို့ဆိုပါတယ်။ သြဂုတ် ၂၅ ရက်နေ့ တဖန်တစတင်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဟိန္ဒူတွေ အသတ်ခံရပြီး ရုပ်အလောင်း ၄၅ ကို မောင်တော-ရဲဘော်ကျကျေးရွာ ကြားတို့မှာ တူးဖော်ရရှိခဲ့ပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024