Home
မြန်မာသတင်း
ကျောက်မီးသွေးတွင်း မတော်တဆမှုကြောင့် သေဆုံးခဲ့သူများအား ကရုဏာကြေး ပေးအပ်
DVB
·
December 2, 2017
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း ဟန်ထက် (၁) ကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက် မတော်တဆမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၇ ဦးအတွက် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကုမ္ပဏီက လူမှုကရုဏာကြေး ကျပ်သိန်း ၇၀ စီ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ပေးအပ်ခဲ့ပါတယ်။ “၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဥပဒေမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမား သေဆုံးမှုဖြစ်ပွားရင် ပေးရမယ့် လျော်ကြေးပမာဏက ၄ သိန်းခွဲပဲဖြစ်လို့ ခေတ်ကာလနဲ့ကြည့်ရင် အလွန်နည်းနေပါတယ်။ ဒါကြောင့် ကုမ္ပဏီဘက်ကလည်း လူမှုကရုဏာကြေးပေးဖို့လိုအပ်လို့ ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ တိုင်းအစိုးရဝန်ကြီးတဦးအနေနဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကနေ သက်ဆိုင်ရာ အုပ်ချုပ်ရေးကတဆင့် တိုက်တွန်းဆောင်ရွက်ခဲ့ကြောင်း” တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ် သမားဝန်ကြီး ဦးနေမျိုးကျော်က ဒီဗွီဘီကိုပြောပါတယ်။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်အနီး ငဖဲ-ရွှေစက်တော်လမ်းဘေး ၃ မိုင်လောက်အကွာရှိ ဟန်ထက် (၁) ကုမ္ပဏီပိုင် ကျောက်မီးသွေးလုပ်ကွက်မှာ နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းအတွင်း အောက်ဆီဂျင်ရရှိစေဖို့ လေမှုတ်သွင်းတဲ့ ပိုက်ပွင့်ထွက်ပြီး တွင်းအပေါ်နံရံနဲ့ ဘေးအကာနံရံတွေ ပြိုကျလို့ တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာအလုပ်သမား ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကုမ္ပဏီပိုင်ရှင် ဦးချစ်ဟန်နဲ့ လုပ်ငန်းတာဝန်ခံ ဦးအောင်ကျော်လင်းတို့ နှစ်ဦးအား စကုမြို့နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီး မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဟန်ထက် (၁) ကျောက်မီးသွေးတွင်းကိုလည်း နိုဝင်ဘာ ၂၉ ရက်နေ့က အပြီးပိတ်လိုက်ကြောင်း သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024