ရန်ကုန်တိုင်း မြို့ ၉ မြို့တွင် ၄ ရက်ကြာ ဓာတ်အားပြတ်တောက်မည်
DVB
·
November 18, 2017
ရန်ကုန်တိုင်း မြို့ ၉ မြို့မှာ ၄ ရက်ကြာ ဓာတ်အား ပြတ်တောက်တာတွေ ဖြစ်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာထားပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက် ၆ နာရီကနေ ၂၀ ရက်နေ့ ည ၁၂ နာရီအထိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တံတား၊ သာကေတ၊ ဒဂုံမြောက်၊ ဒဂုံအရှေ့မြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက ရပ်ကွက်တချို့မှာ ပြတ်တောက်မှာပါ။
230kV သီလဝါဓာတ်အားခွဲရုံကို 230kV ကမာနတ်-သန်လျင် ဓာတ်အားလိုင်းက တဆင့် ချိတ်ဆက် ဓာတ်အားပို့လွှတ်တာ၊ 230kV သန်လျင်ပင်မ ဓာတ်အားခွဲရုံရဲ့ Gantry နဲ့ တာဝါတိုင်အမှတ် ၉ ကြား ကြိုးဆွဲတာတွေ လုပ်ဖို့အတွက် ဓာတ်အားပိတ်ပြီး ဆောင်ရွက်မှာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဒီလုပ်ငန်းတွေဟာ ဓာတ်အားပြတ်တောက်မှုလျော့ဖို့နဲ့ ဗို့အား အပြည့်ရဖို့ မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေဖြစ်တာပြီး ယာယီဓာတ်အားပြတ်တောက်တာကြောင့် လူမှုရေးအခက်အခဲတွေ ပေါ်ပေါက် နိုင်တဲ့အပေါ် နားလည်းခွင့်လွှတ်ဖို့ကိုလည်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ပန်ကြားထားပါတယ်။