ကာကွယ်ဆေးထိုးပြီး ကျောင်းသူသေဆုံးခဲ့မှု စစ်ဆေးချက်အဖြေ ထုတ်ပြန်ပေးမည်
DVB
·
November 18, 2017
ကာကွယ်ဆေးထိုးပြီးနောက် ကျောင်းသူတယောက်သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရိမ်မလွန်ဖို့နဲ့ စစ်ဆေးတွေ့ရှိတဲ့ အဖြေတွေကို ထုတ်ပြန်ပေးသွားမယ်လို့ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းက ထုတ်ပြန်လိုက်ပါတယ်။
ပင်လောင်းမြို့နယ်က အသက် ၁၃ နှစ်အရွယ် ကျောင်းသူတယောက်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးအပြီး ၂ နာရီလောက်အကြာမှာ မူးဝေလာတာကြောင့် ပင်လောင်းဆေးရုံကို တက်ခဲ့ရပါတယ်။ အဲဒီနောက် မသက်သာလို့ တောင်ကြီးမြို့က အမျိုးသမီးနဲ့ ကလေးဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့ပြီး ညနေ ၅ နာရီခွဲမှာ သေဆုံးခဲ့တာပါ။
သေဆုံးခဲ့ရတဲ့အကြောင်းရင်းကို ဗဟိုနဲ့ ပြည်နယ်အဆင့် ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးနေပြီး ဓာတ်ခွဲအဖြေတွေကိုလည်း အသိပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တနိုင်ငံလုံးမှာ ၁၅ ရက်နေ့ကစလို့ ကာကွယ်ဆေး အစုလိုက်ထိုးနှံနေပြီး ၁၆ ရက်နေ့အထိ ကလေး စုစုပေါင်း ၃၅ သိန်းကို ထိုးနှံခဲ့ပေမယ့် အခုလို ပြင်းထန်တဲ့ နောက်ဆက်ဆွဲ လက္ခဏာတွေ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ကုသနိုင်တဲ့ ဆေးမရှိသေးဘဲ ကာကွယ်ဆေးပဲ ရှိတာကြောင့် အခုလို ရှားပါးစွာ တိုက်ဆိုင်ကြုံတွေ့ရတဲ့ အဖြစ်ကြောင့် မိဘတွေအနေနဲ့ အစိုးရိမ်လွန်တဲ့စိတ်နဲ့ ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါကို မေ့မသွားစေချင်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
၂၀၁၆ ခုနှစ်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးတွေ့သူ စုစုပေါင်း ၃၉၃ ယောက်၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်အထိ ရောဂါပိုးတွေ့သူ ၃၀၆ ယောက်ရှိပါတယ်။
ဒီထဲက ၃၀ ရာခိုင်နှုန်းလောက် သေဆုံးပြီး အသက်ရှင်ကျန်နေသူတွေမှာလည်း နာတာရှည် ကိုယ်လက် အင်္ဂါမသန်စွမ်းတာ၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ ချွတ်ယွင်းတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက ဆိုပါတယ်။
လက်ရှိမှာ အသက် ၉ လကနေ ၁၅ နှစ်အောက် ကလေးတွေကို ကာကွယ်ဆေးထိုးပေးနေပြီး ဆေးထိုးပြီး အပြင်းဖျားဖူးသူ၊ တီဘီဆေးသောက်နေရသူ (သံသယရှိသူ)၊ နာတာရှည်ရောဂါရှိသူ၊ အတက်ရောဂါရှိသူ၊ ကျောက်ကပ်၊ လေးဘက်နာရောဂါရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ ဆေးထိုး မပေးပါဘူး။