Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်း ၂ သောင်းဖိုးခန့် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
November 18, 2017
မောင်တောမြို့ပေါ် နေရာနှစ်ခုမှာ နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက WY ကျပ်သိန်းပေါင်း ၂ သောင်းဖိုးလောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဉာဏ်ဝင်းဦး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က မြို့မအရှေ့ရပ်ကွက် တင်ရီရွာမှာရှိတဲ့ ကွမ်းယာနဲ့ ကုန်စုံဆိုင်ကို သတင်းအရ သက်သေတွေနဲ့အတူ ၀င်ရောက်ရှာဖွေတဲ့အခါ ခရီးဆောင်အိတ် ၂ လုံးထဲမှာ WYစာတန်းပါ စိတ်ကြွဆေးပြား နှစ်သိန်းကိုးသောင်း နှစ်ထောင့်ငါးရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆိုင်ရှင် အန်နာယော့တူလာကို ဖမ်းဆီးစစ်ဆေးတဲ့အခါ သူ့ရဲ့ ဖော်ထုတ်ချက်အရ နောက်ထပ်ဆေးပြား ခြောက်သိန်းရှစ်သောင်း နှစ်ထောင့်ငါးရာကို မြို့မအရှေ့ရပ်ကွက်၊ တင်ရီရွာက ဂိုထောင်တခုထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။ “အန်နာတူလာကို စစ်ဆေးတော့ နောက်ထပ်ဆေးပြားတွေ တင်ရီရွာက အီနုစ်ရဲ့ ဂိုထောင်ထဲမှာရှိတယ်လို့ သိရတယ်။ အဲဒီဂိုထောင်ကို သက်သေတွေပါခေါ်ပြီး ၀င်ရှာတော့ ခရီးဆောင်အိတ် ၆ အိတ်ထဲက ဆေးပြားတွေတွေ့တယ်။ အဲဒီမှာက ဆေးပြားအရေအတွက် ခြောက်သိန်းရှစ်သောင်း နှစ်ထောင့်ငါးရာ ထပ် ဖမ်းမိပါတယ်။" လို့ ဒုရဲမှူးကြီးဉာဏ်ဝင်းဦးက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက်ဟာ ဖမ်းဆီးရမိမှု ၂ ခုမှာ ကိုးသိန်းခုနစ်သောင်းငါးထောင်၊ ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း တသောင်းကိုးထောင်ငါးရာ (၁,၉၅၀,၀၀၀,၀၀၀) ရှိပြီး မောင်တောမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။ မောင်တောခရိုင်ထဲမှာ မူးယစ်ဆေးဝါးတွေ မကြာခဏဖမ်းမိနေပြီး ဘူးသီးတောင်မြို့မှာတော့ နိုဝင်ဘာ ၁၄ ရက်က WY စိတ်ကြွဆေးပြား ကိုးသိန်းခုနစ်သောင်းငါးထောင် ဖမ်းမိခဲ့ပါသေးတယ်။ သတင်း-ကိုအောင်၊ ဓာတ်ပုံ-ခရိုင်ရဲ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024