ပလက်ဝတွင် တိုက်ပွဲကြောင့် ရွာသား ၃၀၀ ကျော် ထွက်ပြေး
DVB
·
November 9, 2017
ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်း ကျေးရွာတွေက ကျေးရွာသား ၃၀၀ ကျော်ဟာ တပ်မတော်နဲ့ ရက္ခိုင်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရှင်းလက်ဝအောက်ရွာကို ၂၈၁ ဦး၊ အောက်ဘလိုင်ကျေးရွာကို ၈ ဦး၊ ဘဲဒင်ဝကျေးရွာကို ၈ ဦး၊ ကာရာမိတ်ကျေးရွာကို ၉ ဦး၊ မီးဇာကျေးရွာကို ၂ ဦးနဲ့ ဒိုးချောင်းဝကျေးရွာကို ၁ ဦး အသီးသီး တိမ်းရှောင်ခဲ့ကြတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
ဟားခါးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲက နိုဝင်ဘာ ၈ ရက်နေ့က နူံးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်ထဲမှာ တပ်မတော်သားတွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေတစင်းကို ရက္ခိုင့်တပ်မတော် (အေအေ) က ပစ်လို့ ၁၇ ဦး သေဆုံးတယ်လို့ ပြောပါတယ်။
“အေအေက စစ်သားတွေရဲ့ စပိဘုတ်ကို လောင်ချာနဲ့ပစ်လို့ ၁၇ ယောက် ဆုံးသွားတယ်၊ ၆ ယောက် ဒဏ်ရာရတယ်။ နောက်ပြီး စက်မှုအထက်တန်းကျောင်းသားတယောက် သေဆုံးသွားတယ်။ ကလေးနဲ့ အမျိုးသမီး ဒဏ်ရာရတော့ ပလက်ဝ ဆေးရုံရောက်တယ်။”
ချင်းပြည်နယ်အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ ကျေးရွာသားတွေဆီသွားပြီး အနီးကပ်လေ့လာဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။
တပ်မတော်သားတွေ လိုက်ပါလာတဲ့ စက်လှေကို ရက္ခိုင့်တပ်မတော် (အေအေ) က ပစ်ခတ်ခဲ့ကြောင်း အေအေဘက်က အတည်ပြုပြောဆိုပေမယ့် အရပ်သား သေဆုံး ဒဏ်ရာရမှုနဲ့ ပတ်သက်လို့တော့ တာဝန်ယူပြောဆိုခြင်း မရှိပါဘူး။