ပုဂံဘုရားပေါ်မှ အမေရိကန်သူတယောက် ပြုတ်ကျသေဆုံး
DVB
·
November 8, 2017
ပုဂံဘုရားပေါ်ကနေ နေဝင်ချိန်ကြည့်တဲ့ အမေရိကန်သူတယောက် ပြုတ်ကျသေဆုံးခဲ့တယ်လို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ဆီက သိရပါတယ်။
မနေ့က ညနေ ၄ နာရီကျော်က ပြုတ်ကျခဲ့ပြီး ဒဏ်ရာပြင်းထန်လို့ မန္တလေးကို သယ်ဆောင်နေချိန်မှာ သေဆုံးခဲ့တာပါ။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့၊ ပုဂံတပ်ဖွဲ့စုက အရာရှိတယောက်က “အသက် ၂၁ နှစ် အရွယ် အမေရိကန်သူပါ။ ပေ ၂၀ လောက် အမြင့်က ပြုတ်ကျလို့ ခေါင်းမှာ ဒဏ်ရာပြင်းတယ်။ ညောင်ဦး ဆေးရုံကိုသွားတော့ မန္တလေးကို ပို့ဖို့သင့်တဲ့ အကြောင်းပြောလို့ သွားနေရင်း လမ်းမှာပဲ သေဆုံးတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ဘာလုပ်နေတယ်ဆိုတာကတော့ သက်ဆိုင်ရာ စခန်းကပဲ သိမှာပါ” လို့ ပြောပါတယ်။
ပြုတ်ကျတာဟာ ဘူးလည်သီးဘုရားနားက ဝတ္ထနတော ဘုရားစု၊ ဘုရားအမှတ် ၃၅၂ ဖြစ်ပြီး လက်ရန်းမရှိသလို မတ်စောက်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ အနားမှာ ရှိတဲ့ ဘုရားတွေကို တက်ရောက်ခွင့် ပိတ်လိုက်ပြီး နောက်ပိုင်း ရှုခင်းကောင်းတဲ့ အဲဒီနေရာကို ကမ္ဘာလှည့် ခရီးသွားတွေ အရောက်များလာတယ်လို့လည်း သူက ပြောပါတယ်။
ပြုတ်ကျသူဟာ တခြားအမေရိကန်နိုင်ငံသား အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၁ ယောက်တို့နဲ့ အတူ ရောက်လာတာလို့ ဘုရားနားမှာ ရှိနေသူ တယောက်က ပြောပါတယ်။
သေဆုံးသူနဲ့ ပတ်သက်ပြီး ဘာတွေဆက်ပြီး ဆောင်ရွက်နေတယ်ဆိုတာ သိရဖို့ ညောင်ဦးရဲစခန်းနဲ့ ညောင်ဦး မြို့နယ်ရဲမှူးရုံးကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
ဓာတ်ပုံ - မျိုးဆက်စံ