မြောက်ဦးမြို့ကို ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး တင်သွင်းမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 8, 2017
ရခိုင်ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို)ရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ဖို့အတွက် ၂၀၁၈ ခုနှစ် အတွင်းမှာ စာရင်းတင်သွင်းနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
“မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင် (World Heritage List) တင်သွင်းရေးအတွက် လိုအပ်တဲ့ ကော်မတီဖွဲ့စည်းမှုတွေကိုလည်း နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့အညီ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (Steering Committee)၊ လုပ်ငန်းကော်မတီနဲ့ အကြံပေးပညာရှင်အဖွဲ့ (Advisory Team) တို့ကို ထုတ်ပြန်ဖွဲ့စည်းပြီးဖြစ်ပါတယ်” လို့ သူရဦးအောင်ကိုက ပြောပါတယ်။
အဲဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်ဖို့ကို ၂၀၁၇ ခု သြဂုတ် ၂၁ ရက်နေ့က မြောက်ဦးခရိုင်ထွေ/အုပ် ဦးစီးဌာနမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သာ/ယဉ် ၀န်ကြီးဌာန၊ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနတို့က ပြည်တွင်း/ပ ပညာရှင်တွေ၊ Mrauk – U Heritage Trust အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုမှာ ကမ္ဘာ့အမွေအနှစ် စံနှုန်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အချက်အလက် တွေ စိစစ်ရွေးချယ်ရေး၊ Nomination Dossier (Draft) ရေးသားရေးတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက ၁၉၉၆ ခုနှစ်မှာ ပြဒါးလင်းဂူနဲ့ အနီးပတ်ဝန်းကျင်က ဂူတွေ၊ အင်းလေးကန်၊ ပျူမြို့တော်ဟောင်းတွေ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ)၊ ပုဂံဒေသနဲ့ မြောက်ဦးဒေသတို့က ရှေးဟောင်းအဆောက်အဦတွေ၊ အထက်မြန်မာပြည်က ရှေးဟောင်းမြို့တွေဖြစ်တဲ့ အင်းဝ၊ အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း၊ မန္တလေး၊ မွန်မြို့တော်ဟောင်းနဲ့ ကုန်းအောင်ခေတ်သစ်သား ဘုန်းတော်ကြီးကျောင်းတွေကို UNESCO ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
UNESCO တင်သွင်းခဲ့တဲ့အထဲက ပျူမြို့ဟောင်း ၃ မြို့ကို ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်နေ့က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ပထမဆုံးသတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး အဲဒီ နောက်ပိုင်းကာလတွေမှာ ပုဂံနဲ့ မြောက်ဦးက ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ရွှေတိဂုံ စေတီတော်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့ ဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။