မြန်မာ နှင့် လာအို ရွှေ့ပြောင်းလုပ်သားဇနီးမောင်နှံ ထိုင်းထီ ဘတ် ၂၄ သန်းပေါက်
DVB
·
November 2, 2017
နိုဝင်ဘာ ၁ ရက်က ဖွင့်တဲ့ ထိုင်းထီပေါက်စဉ်မှာ ထိုင်းနိုင်ငံအလယ်ပိုင်း ချိုင်းယနတ်ခရိုင်ရှိ မြန်မာနဲ့ လာအို ရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံလည်း ဘတ်ငွေ ၂၄ သန်းဖို့ ပေါက်ခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ချိုင်းယနတ်ခရိုင် မနိုရူမ်မြို့ ဟန်နမ့်ဆာခွန်းရပ်ကွက်နေ လာအိုရွှေ့ပြောင်းအလုပ်သမား နိုင်းအွဲ့ ဖရူမ်း ဆွန် နဲ့ ဇနီးဖြစ်သူ မြန်မာအမျိုးသမီးတို့ဟာ ထီလက်မှတ် အမှတ်စဉ် ၅၃၃၇၂၆ နဲ့ ၄ စောင်လုံး ပေါက်တဲ့အတွက် ဘတ်ငွေ ၂၄ သန်းရမှာဖြစ်ပြီး ထီပေါက်တဲ့အကြောင်း ယမန်နေ့က ဟန်နမ့် ဆာခွန်း နယ်မြေရဲစခန်းမှာ လာရောက်အကြောင်းကြားခဲ့တယ်လို့ ရဲစခန်းတာဝန်ရှိသူတဦးမှ သတင်းထောက်ကို ပြောပါတယ်။
ဒီမတိုင်ခင်က နိုင်းအွဲ့ဖရူမ်း နဲ့ ဇနီးတို့ဟာ သူတို့သားလေးနဲ့အတူ အရင်က အလုပ်လုပ်ခဲ့ဖူးတဲ့ သူဌေးဟောင်းဆီ ပြန်လာပြီး အလုပ်တောင်းလုပ်ဖို့ ထွက်လာစဉ်လမ်းမှာ စက်ဘီးနဲ့ ထီလိုက် ရောင်းနေသူတဦးကို တွေ့ကြောင်း၊ အဆိုပါ ထီသည်က ထီတစ်တွဲလုံးယူလိုက်ဖို့ ထိုးပေးတာကို သူက ပိုက်ဆံမလောက်မှာစိုးလို့ အနီးနားပတ်ဝန်းကျင်က လူတွေနဲ့ ခွဲပြီးဝယ်ဖို့ အဖော်စပ်ခဲ့ သေးကြောင်း၊ ဒါပေမယ့် ဘယ်သူမှ စိတ်မ၀င်စားလို့ ၄ စောင်လုံးဝယ်လိုက်ရတာလို့ ဆိုပါတယ်။
ထီပေါက်တဲ့ငွေတွေကို နောက်တနေ့မှာ သွားထုတ်ဖို့ရှိပြီး ထိုင်းမှာ ဆက်နေမလား၊ ဇနီးဖြစ်သူ ရဲ့ မြန်မာပြည်ပြန်ကြမလား၊ လာအိုပြန်မလားဆိုတော့ ဆုံးဖြတ်လို့မရသေးဘူးလို့ နိုင်းအွဲ့ဖရူမ်းက ပြောသွားပါတယ်။