Home
မြန်မာသတင်း
ပုသိမ်မြို့တွင် LED မီးလုံး သန်း ၇၀ အသုံးပြုပြသမည့် ရောင်စုံမီးပွဲတော် ၂ လကြာကျင်းပမည်
DVB
·
October 27, 2017
ဧရာဝတီတိုင်း ပုသိမ်မြို့ ကန်သုံးဆင့်က Royal Lake ပန်းခြံထဲမှာ LED မီးလုံးပေါင်း သန်း ၇၀ အသုံးပြုပြသမယ့် ရောင်စုံမီးပွဲတော်ကို နိုဝင်ဘာ ၁ ရက်နေ့ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ LED မီးလုံးတွေနဲ့ ပုသိမ်မြို့ နာရီစင် အပါအဝင် အထင်ကရ အဆောက်အဦတွေနဲ့ မြန်မာနိုင်ငံထဲက အထင်ကရနေရာ အဆောက်အဦတွေ၊ ကမ္ဘာအနှံ့က အထင်ကရနေရာ အဆောက်အဦတွေ၊ ပန်းခင်းတွေ၊ ရှုခင်းတွေ စတဲ့ ဒီဇိုင်းပေါင်း ၄၇ ခု၊ အရုပ်ပေါင်း ၇၅ ခုကို ဖန်တီးထားမှာ ဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူတွေအနေနဲ့ တေးဂီတသံတွေနဲ့အတူ ရောင်စုံမီးအလှဆင်မှုတွေကို အပန်းဖြေ ကြည့်ရှုခံစားနိုင်သလို ဘဝအတွက် အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ကူးနိုင်မှာဖြစ်ပြီး ဝင်ကြေးအနေနဲ့ တဦးကို ၁၅၀၀ ကျပ် ကောက်ခံသွားမှာဖြစ်တယ်လို့ Royal Lake ပန်းခြံတာဝန်ရှိသူတွေက ပြောပါတယ်။ Royal Lake ပန်းခြံလုပ်ငန်းရှင် ဦးအောင်အောင်က “ပထမတော့ သီတင်းကျွတ်ရက်ကို စလုပ်မလို့ပါ။ ဒါပေမယ့် မိုးမပြတ်သေးလို့ မလုပ်ဖြစ်ခဲ့ဘူး။ ပုသိမ်သူ ပုသိမ်သားတွေအနေနဲ့ ကမ္ဘာကြီးကို ရင်ပေါင်မတန်းဖြစ်တောင် ဒီ့ပြင်နိုင်ငံတွေမှာ လုပ်နေတာကို ကိုယ့်ဆီမှာ မျက်မြင်ကြည့်ရတယ်ဆိုတဲ့ ခံစားခွင့်လေးရအောင် ကြိုးစားပြသတာပါ” လို့ ပြောပါတယ်။ ပြပွဲအတွက် လျှပ်စစ်မီးပြတ်တောက်မှု မရှိအောင် ကိုယ်ပိုင် ဂျင်နရေတာ ၃ လုံးကို အသင့်ပြင်ဆင်ထားမှာ ဖြစ်ပြီး နေ့စဉ် ညနေ ၅ နာရီကနေ ည ၁၀ နာရီအချိန်ထိ ပြသသွားမှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ပြပွဲမှာအသုံးပြုမယ့် LED မီးလုံးတွေကိုတော့ တရုတ်နိုင်ငံက ဝယ်ယူထားတာဖြစ်ပြီး အဲဒီရောင်စုံမီးပွဲတော်ကို Royal Lake ပန်းခြံ တာဝန်ရှိသူတွေနဲ့ Paramount Myanmar Alliance ကုမ္ပဏီတို့က ပူးပေါင်းပြသသွားမှာ ဖြစ်ပါတယ်။ Paramount Myanmar Alliance ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးဟိန်းထက်က “အဓိကက အများပြည်သူတွေ စိတ်အပန်းပြေစေမယ်ပေါ့။ လာရောက်ကြည့်ရှုမယ့် မိသားစုတွေအနေနဲ့ အမှတ်တရဓာတ်ပုံလေး ရိုက်ထားပါ။ ကိုယ့်ဘဝမှာ ပျော်ရွှင်တဲ့ အချိန်တခု မှတ်တမ်းတင်ပြီး သိမ်းထားခြင်းအားဖြင့် တချိန်ချိန်မှာ ဒါကိုပြန်ကြည့်ရင် ဒီအချိန်တုန်းက တော်တော်ပျော်ခဲ့ပါလား ဆိုတာ အမှတ်ရစေချင်ပါတယ်” လို့  ပြောပါတယ်။ Paramount Myanmar Alliance ကုမ္ပဏီအနေနဲ့ LED မီးလုံး သန်း ၇၀ အသုံးပြုပြသခဲ့တဲ့ ရောင်စုံမီးပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲမှာ မတ်လ ၁၉ ရက်ကနေ ဧပြီလကုန်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဝင်ကြေးအနေနဲ့ တဦးကို ၃၀၀၀ ကျပ်နှုန်း ကောက်ခံခဲ့ရာမှာတော့ ပွဲတော်ရက်အတွင်း လူ ၂ သိန်းခွဲလောက် ဝင်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024