စစ်ကားတစီးပေါ်မှ တရားမ၀င် ကျွန်းသစ်နှင့် လက်နက်များ ဖမ်းမိ
DVB
·
October 21, 2017
ဘုရားကြီးမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမမှာ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းက တရားမဝင် ကျွန်းသစ်တွေနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဘုရားကြီး နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ဇာဝင်းက ပြောပါတယ်။
ဘောနက်ကြီးကျေးရွာကနေ ဝေါမြို့နယ်ဘက်ကို ကျွန်းသစ်တွေတင်ဆောင်လာတဲ့ Faw ၁၉၄၈ (ဗ) စစ်ကားတစ်စီးကို တားဆီးစစ်ဆေးရာက ယာဉ်မောင်း ချစ်မင်းသူ (တသအဆင့်) ကိုယ်ပိုင်အမှတ် - နတ/၁၁၁၁၇၀၊ အမှတ်(၁၀၁၄) နယ်ခြားစောင့်တပ်နဲ့အတူ အောင်ကျော်မိုး ဆိုသူပါလာပြီး ကားနောက်ခန်းမှာ တရားမဝင် ကျွန်းသစ် ၄ ဒသမ ၂၄၁၆ တန်၊ ကာဘိုင်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၇၉ တောင့်နဲ့ ကျည်ဘောက် ၃ ခုကို ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
ဘုရားကြီးနယ်မြေရဲစခန်းက တရာမ၀င်ကျွန်းသစ်နဲ့ လက်နက်တွေ သယ်ဆောင်လာတဲ့ ယာဉ်မောင်း ချစ်မင်းသူနဲ့ အောင်ကျော်မိုးတို့ကို သစ်တော ဥပဒေပုဒ်မ-၄၃(က) နဲ့ အမှုဖွင့်ထားပြီး သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို အမှတ်(၅၉) ခြေလျှင်တပ်ရင်း (ဘောနက်ကြီး) ကို လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။
အောင်စိုးမိုး