မြိတ်စည်ပင်က အသုံးစရိတ်များနှင့်ပတ်သက်ပြီး ပြည်သူအား ပွင့်လင်းမြင်သာစွာချပြ
DVB
·
October 17, 2017
မြိတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြ ရှင်းလင်းတဲ့ အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်နေ့က ပုလဲရတနာခန်းမမှာ ကျင်းပခဲ့ပါတယ်။
မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီအနေနဲ့ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းတွေ၊ အဆိုပြုထားတဲ့ လုပ်ငန်းတွေကို ပြည်သူတွေဆီ ပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ ပြည်သူလူထုနဲ့ ပွင့်လင်းမြင်သာစွာ ပေါင်းစပ် ဆောင်ရွက်သွားဖို့ လိုပါတယ်။ ရှေ့ကို သွားဖို့ အားသွန်ခွန်စိုက်သွားဖို့ ရှိပါတယ်။ ပြည်သူတွေအနေနဲ့ ပုဂ္ဂိုလ်ရေးကို ဘေးဖယ်ပြီး ပါဝင်ဆောင်ရွက်သွားပါ။ ပွင့်လင်းမြင်သာစွာ အကြံပြုဆွေးနွေးသွားဖို့ လိုပါတယ်။ ကျနော် တာဝန်ယူပြီးနောက်ပိုင်း ၁၀ လအတွင်းမှာ ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်ပြီး အားရမှု ရှိပါတယ်။ ပြည်သူတွေ၊ လမ်းကော်မတီတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေရဲ့ ပူးပေါင်းပါဝင်ပေးမှုအတွက် များစွာ ကျေးဇူးတင်ပါတယ်” လို့ မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောပါတယ်။
မြိတ်မြို့မှာ ရောင်းခွန်/ဝယ်ခွန်/အညစ်ကြေးခွန်တွေကနေ တနှစ်ကို သိန်း ၇,၀၀၀ ကျော်ရရှိပြီး ရရှိငွေနဲ့ မြို့ပြ အဓိကကျတဲ့ လမ်းမကြီးများကွန်ကရစ်လမ်းတွေခင်းတာ ကုန်ကျငွေ ၄၉၅၈.၂ သိန်း၊ လမ်းဖြတ်ပေါင်းကူး ၄၄ စင်း ဖောက်လုပ်ရာမှာ ၉၇၁ သိန်း၊ အုတ်စီရေမြောင်းကြီး ၁၈၆၅ သိန်း၊ စုစုပေါင်း သိန်း ၇၇၀၀ ကျော်ဖို့ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
အခုလို ပွင့်လင်းမြင်သာစွာ ချပြတဲ့အတွက် ပြည်သူနဲ့ ဌာနဆိုင်ရာတွေကြားမှာ ယုံကြည်မှု တိုးလာနိုင်တယ်လို့ အခမ်းအနား တက်ရောက်လာသူဒေသခံ ကိုကိုဦးက ပြောပါတယ်။
မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီက တာဝန်ယူပြီးနောက်ပိုင်းမှာ အမှိုက်ပြဿနာကို အဓိက တာဝန်ယူ ဖြေရှင်းခဲ့ရသလို မြောင်းတွေ၊ ချောင်းတွေ ပျက်စီးယိုယွင်းနေတဲ့ လမ်းတွေကိုလည်း အဓိကတာဝန်ယူ ဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
လမ်းတွေ ပြင်ဆင်တိုးချဲ့ရာမှာ ဒေသခံပြည်သူတွေက ပူးပေါင်းပါဝင်မှ အားရစရာကောင်းတဲ့အတွက် လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အဆင်ပြေခဲ့ကြောင်း၊ လာမယ့်နှစ်တွေမှာလည်း မြိတ်မြို့စည်ပင်သာယာ ဖွံ့ဖြိုးရန်အတွက် ဆက်လက်ကူညီဆောင်ရွက်ပေးနိုင်ဖို့ ဦးမြတ်ကိုကိုက ဆိုပါတယ်။
အမှိုက်ပြဿနာ ဖြေရှင်းရာမှာ စည်ပင်သာယာရေးကော်မတီမှာ ရှိတဲ့ အမှိုက်ကား ၅ စီးနဲ့ မလုံလောက်တဲ့အတွက် မြိတ်အများပိုင်မှ အမှိုက်ကား ၁၅ စီးကို ရပ်ကွက်တွေအတွက် တန်ဖိုးတဝက် အခမဲ့နဲ့ လှူဒါန်းပေးခဲ့တဲ့အတွက် များစွာ အဆင်ပြေခဲ့တယ်လို့ ဦးမြတ်ကိုကိုက ဆက်လက်ပြောကြားခဲ့ပါတယ်။
မြိတ်မြို့မှာ ပထမဆုံး ပြုလုပ်ခဲ့တဲ့ အဆိုပါအခမ်းအနားမှာ ဒေသခံတွေက ပွင့်လင်းမြင်သာစွာ ပြောဆိုဆွေးနွေးခဲ့ပြီး စည်ပင်သာယာရေးမှ တာဝန်ရှိသူတွေကလည်း အခြေအနေမှန်ကို ပြန်လည်ရှင်းပြပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)