ကသာမြို့နယ်တွင် မူးယစ်ဆေးဝါး ကျပ် ၂၂၂ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
September 25, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီးမှာ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်က ကျပ် ၂၂၂ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့တယ်လို့ ကသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
သတင်းအရ ကသာ-အင်းတော် ကားလမ်းပေါ်ရှိ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီး မီးရထားသံလမ်းကူးနားမှာ ကသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု-၆ က တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်နိုင်ဦး ခေါင်းဆောင်တဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့အတူ စောင့်ဆိုင်းနေချိန် ကသာမြို့ဘက်က စိန်ဝင်းထွန်း(ခ)စိန်လွင် မောင်းနှင်တဲ့ ဆိုင်ကယ်နဲ့ မျိုးမင်းထက်(ခ)အမျိုး မောင်းနှင်ပြီး နောက်က မတင်တင်လှ(ခ)လှလှ စီးနင်းလိုက်ပါလာတဲ့ ဆိုင်ကယ် ၂ စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးရှာဖွေရာမှာ မျိုးမင်းထက်က WY စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြား၊ တင်တင်လှ ဆီက ရောင်စုံဆပ်ပြာခွက် ၁၁ ခွက်ထဲက ဘိန်းဖြူမှုန့် အလေးချိန် ၁၂၁ ဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၉၇၀ ပြား၊ ဘိန်းစိမ်းအလေးချိန် ၁၀၀ ဂရမ် စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုး ၂၂၂၆၅၀၀၀ ကျပ်နဲ့ မြန်မာငွေစက္ကူရောရာ ၂၂၀၀၀ ကျပ်တို့ကို ရှာဖွေစစ်ဆေး တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ကသာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု-၆ မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်နိုင်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိတဲ့ သူတို့ ၃ ဦးကို ဒုရဲမှူးမြင့်နိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းပြီး ကသာမြို့မရဲစခန်းက မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကိုကျော်(အင်းတော်)