အကြမ်းဖက်သမားများလက်မှ လွတ်မြောက်ခဲ့တဲ့ သေရွာပြန် ဖူနော်ပါရာ
DVB
·
September 18, 2017
ဘူးသီးတောင် ဆေးရုံပြတင်းပေါက်ကနေ မေယုတောင်တန်းပေါ်ဆီသို့ တင်မာလာ လှမ်းကြည့်နေချိန်မှာ သူ့ယောက်ျားနဲ့ သမီးဟာ တောင်တန်းရဲ့ အခြားတဖက်က မောင်တောမြို့ ဆေးရုံပ်ါမှာ လဲလျောင်းနေပါပြီ။ လုံခြုံရေးတွေ အကာကွယ် ပေးထားရတဲ့ မောင်တောဆေးရုံ ရင်ခွဲရုံထဲမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေနဲ့အတူ ရင်ခွဲရုံထဲမှာ ထားရှိထားတာပါ။
သူ့သမီးငယ် နို့သက်ခံခဲ့တဲ့ ရင်ဘတ်ပေါ်က ညာဘက်သားမြတ် သေနတ်ဒဏ်ရာ ပြန်ကောင်းလာနိုင်မလား ဆိုတာကို မသိရှိသေးပေမယ့် သမီးငယ်နဲ့ ခင်ပွန်းကတော့ ပြန်မလာနိုင်တော့ဘူးဆိုတာ တင်မာလာ သိရှိထားပြီးပါပြီ။
“လူတွေအများကြီး ဝိုင်းလာကြတာ အချို့သူတွေဆိုရင် မျက်နှာတွေကို ဖုံးအုပ်ထားကြတယ်။ လက်ထဲမှာ သေနတ်တွေ၊ ဓားတွေ၊ လှံတွေ ပါတယ်။ ကျမလည်း သွေးအိုင်ထဲမှာ သေသလို နေလိုက်တော့တာ။”
ခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ တင်မာလာကို လူနာစောင့်လုပ်ရင်း သူကိုယ်တိုင် လူနာဖြစ်နေတဲ့ အသက် ၂၇ အရွယ် ဖူနော်ပါရာက ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ တင်မာလာကတော့ ဘာမှ ဖွင့်ဟပြောနိုင်ခြင်း မရှိပါ။ ဖူနော်ပါရာဟာ သေနတ်ကျည်ဆန် ထိမှန်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။
မောင်တောသို့ ခိုလှုံရန် ထွက်ခွာခြင်း
ဖူနော်ပါရာ အပါအဝင် ဟိန္ဒူဘာသာဝင် မိသားစု ၁၂ ဦးဟာ မောင်တောမြို့နယ် ရဲဘက်စခန်း ၃၀ ကို ARSA အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့ ၂၅ ရက်နေ့ ညအပြီး နောက်တနေ့မနက်မှာ သူတို့ အသက်မွေးဝမ်းကျောင်း တည်ရှိရာ မောင်တောတောင်ပိုင်း မြင်းလွှတ်ကျေးရွာကနေ ထွက်ခွာလာခဲ့ကြတာပါ။ မိသားစုတွေက သူတို့ရဲ့ မျိုးရိုး ရိုးရာလုပ်ငန်းဖြစ်တဲ့ ဆံပင်ညှပ်ခြင်းကို လုပ်ကိုင်ကြတာပဲ ဖြစ်ပါတယ်။
မြင်းလွှတ်ကနေ မိုင် ၂၀ မက ဝေးလွန်းတဲ့ မောင်တောကို ရောက်ရှိဖို့အတွက် ၂၆ ရက်နေ့ မနက်စောစောပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားသံတွေကို ထပ်မံကြားလာရတာကြောင့် ဥဒေါင်းကျေးရွာမှာ သူတို့ ထပ်မံခိုလှုံခဲ့ရပါတယ်။ ဥဒေါင်းကနေ မောင်တောမြို့ကို ရှောင်ပြေးကြမယ့် ရခိုင်လူမျိုးတွေနဲ့အတူ တင်မာလာတို့ မိသားစုဝင် ၁၂ ဦးဟာ ကားပေါ်မှာ လမ်းကြုံလိုက်ပါခဲ့ကြပါတယ်။ ဥဒေါင်းကျေးရွာက စထွက်လာတဲ့ အချိန်ကနေ သေနတ်သံတွေ ပိုကြားလာခဲ့ရပြီး မြေပြင်မှာ မိုင်းများ ပေါက်ကွဲမလားလို့လည်း စိုးရိမ်ခဲ့ရတယ်လို့ ကြောက်လန့်ခဲ့ရပုံကို တင်မာလာကို လူနာစောင့် လုပ်ပေးနေတဲ့ ဖူနော်ပါရာက ပြန်ပြောင်းပြောပြပါတယ်။
“မောင်တောမြို့နဲ့ နီးလာလေ ကျမတို့က အန္တရာယ်က လွတ်မြောက်လာပြီ၊ မသေတော့ဘူး၊ အမျိုးတွေရှိရာ ပြန်လာနိုင်ပြီ ထင်ခဲ့တာ။ ဒါပေမယ့် ကျမတို့ တွေးမိခဲ့တာ။ ကားပေါ်မှာလည်း လူတွေအကုန်လုံး သေနတ်သံတွေ ကြားတိုင်းမှာ ခေါင်းတွေကို ငုံ့ထားကြတယ်။”
မောင်တောမြို့ကိုရောက်ရင် အသက်အန္တရာယ် လုံခြုံပြီလို့ သူတို့မိသားစုတွေ ထင်ထားခဲ့ကြပေမယ့် သူတို့လိုက်ပါလာတဲ့ ကားဟာ မောင်တောမြို့ပေါ်ကို ခရီးဆုံးအောင် ရောက်သွားခြင်း မရှိခဲ့ပါဘူး။ ဘူးသီးတောင်-မောင်တောမြို့ အဝေးပြေးကားလမ်းပေါ်မှာ တည်ရှိတဲ့ သုံးမိုင်စခန်းမှာ ရပ်နားခိုလှုံဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကားပေါ်မှာ သေနတ်သမားတွေရဲ့ အန္တရာယ်ကို ရှောင်ပြေးလာကြတဲ့ လူတွေကလည်း သူတို့ကို သုံးမိုင်မှာပဲ ဆက်နေကြဖို့ အကြံပြုပါတယ်။ မောင်တောကို ဆက်သွားဖို့ ကားမရှိတဲ့အခါ သုံးမိုင်ကနေပြီး မောင်တောမြို့အဝင်နားက ရွာတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နောက်ကနေ အကာကွယ်ယူပြီး ခြေလျင်ခရီးနဲ့ တရွေ့ရွေ့ လိုက်ပါလာခဲ့ကြပါတယ်။
အကြမ်းဖက်သမားများနဲ့ ထိပ်တိုက်တွေ့ဆုံ
လူအုပ်တန်းလိုဖြစ်နေတဲ့ တင်မာလာတို့ကို လုံခြုံရေးအရာရှိတဦးက ဟန့်တားလာပါတယ်။ လုံခြုံရေးတွေရဲ့နောက်ကနေ လိုက်လာရင် သေနတ်သမား အကြမ်းဖက်သမားတွေနဲ့ ထိတွေ့မှုဖြစ်ပြီး အန္တရာယ်များနိုင်လို့ပါ။
“ကျမတို့ကို လာပြောတော့ သူတို့ပြောတဲ့အတိုင်း နောက်ကနေ ခပ်ခွာခွာ လိုက်လာကြတယ်။ ခဏကြာတော့ လုံခြုံရေးတွေက ချုံတွေကိုခိုပြီး သေနတ်ပစ်သံတွေ ကြားရတော့ အနီးမှာရှိတဲ့ တရားရုံးကို ကျမတို့ ပြေးဝင်လိုက်ကြတယ်။ တရားရုံးရဲ့ အပေါ်ထပ်အထိ ကျမတို့ ပြေးတက်လိုက်ကြတယ်။”
ပြင်ပမှာ တိုက်ပွဲဖြစ်ပွားပြီးလို့ လုံခြုံရေးတပ်ဖွဲ့တွေ ဆက်လက်ချီတက်သွားတာကို ဖူနော်ပါရာတို့ဟာ တရားရုံးထဲမှာ ရှောင်ပုန်းနေရင်း မသိရှိလိုက်ကြပါ။ ခဏနေတော့ သေနတ်ကိုင်ထားတဲ့ အကြမ်းဖက်သမားတွေက တရားရုံးထဲကို ခိုလှုံဖို့ ဝင်လာပြီး ဖူနော်ပါရာတို့နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။
“သူတို့က ကျမတို့ကို အတူလိုက်မလား မေးတယ်။ ဘာကြောင့် ဒီဘက် လူအုပ်စုတွေဆီ သွားလဲပေါ့၊ ကျမတို့က ဘယ်ဘက်မှ မသွားပါဘူး။ ကိုယ့်ဆွေမျိုးတွေဆီ သွားတာပါလို့ ပြောတယ်။ ရွှေလိုရင် ယူပါ၊ ငွေလိုရင် ယူပါ ဆိုတော့ ငါတို့က ဓားပြတိုက်နေတာ မဟုတ်ဘူးတဲ့။”
ဖူနော်ပါရာတို့ဟာ အကြမ်းဖက်သမားတွေရဲ့ ခြေတွေကိုပါ ပွေ့ဖက်ပြီး တောင်းပန်ခဲ့ပေမယ့် သူတို့ မိသားစု ၂ စုလုံးကို သေနတ်နဲ့ ပစ်လိုက်တယ်လို့ ဆိုပါတယ်။
“သေနတ်နဲ့ ဒီလိုလှည့်ပြီး ပစ်လိုက်တာ။ ကလေးတွေကို ကျမနောက်မှာ ၂ ဦး၊ တင်မာလာဆီမှာ ၂ ဦး၊ သေနတ်ပစ်တယ် ဆိုတာနဲ့ ကျမတို့က လှဲလိုက်ကြတာ။”
ဖူနော်ပါရာက သေနတ်သမားတွေ သူတို့ကို သေနတ်ပစ်တဲ့ပုံစံကို လက်ဟန် ခြေဟန်တွေနဲ့ ရှင်းပြပါတယ်။ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သူ အပါအဝင် လူကြီး ၃ ဦးနဲ့ ကလေး ၃ ဦးဟာ ထိမှန်ပြီး ကျန်တဲ့ ကလေး ၄ ဦးကိုတော့ ကြမ်းပြင်မှာ သူတို့ ခန္ဓာကိုယ်နဲ့ ဖိချလိုက်တယ်လို့ ဖူနော်ပါရာက ပြောပြပါတယ်။
“သေနတ်ထိမှန်ပြီး တခါတည်း သေသွားတဲ့အထဲမှာ ကိုယ်ဝန် ၈ လရှိတဲ့ အမျိုးသမီးတဦးလည်း ပါတယ်။ တင်မာလာရဲ့ အမျိုးသားနဲ့ သမီးငယ်လေးက အဲဒီနေရာမှာပဲ သေသွားတယ်။”
အကြမ်းဖက်သမားတွေဟာ သူတို့ကို ပစ်ခတ်ပြီးချိန်မှာ သေ၊ မသေ စစ်ဆေးပါတယ်။ ဖူနော်ပါရာ အပါအဝင် ကျန်တဲ့သူတွေပါ သေတဲ့ပုံစံနဲ့ နေလိုက်ကြပါတယ်။ သေနတ်သမားတွေကတော့ သူတို့ကို တဦးချင်းစီ အနီးကပ် စစ်ဆေးကြည့်ဖို့ အချိန်မရခဲ့တာကြောင့် ရှင်သန်လွတ်မြောက်ခဲ့ရတာလို့ ဖူနော်ပါရာက ဆိုပါတယ်။
သေ ခြောက်ဦး၊ ရှင် ခြောက်ဦး
အကြမ်းဖက်သမားတွေဟာ ချက်ချင်း လှည့်ထွက်ခဲ့ပြီး ခဏနေတော့ တရားရုံးထဲကို နောက်ထပ် ကြွေးကြော်သံတွေနဲ့ ဝင်လာတာကို ကြားရပါတယ်။ ဖူနော်ပါရာဟာ သူ့ရဲ့ ကလေးငယ် ၂ ဦးနဲ့ တင်မာလာရဲ့ ၇ နှစ်အရွယ်ကလေးကို ယူပြီး အနီးမှာရှိတဲ့ ပီပါခွံထဲမှာ ကလေးငယ်တွေရဲ့ ပါးစပ်ကို ပိတ်ပြီး ပုန်းခိုလိုက်ပါတယ်။ ပီပါခွံထဲမှာ စုစုပေါင်း ၄ ဦး ပုန်းခိုလိုက်ကြတာပါ။ တင်မာလာဆီမှာ ၃ နှစ်အရွယ် ယောက်ျားလေးကတော့ အော်ဟစ်ငိုနေတာကြောင့် ဖူနော်ပါရာက လုံခြုံရေးအတွက် ထားရှိခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“ဒီတခေါက်ဝင်လာတဲ့ အကြမ်းဖက်သမားတွေကျ သေနတ်တွေမပါဘူး။ အကုန်လုံး ဓားတွေနဲ့ပဲ။ တင်မာလာ မသေသေးဘူးဆိုတာ သူတို့သိသွားပြီး သတ်ဖြတ်မယ်ပေါ့၊ ကျည်ဆန်မထိခဲ့တဲ့ ၃ နှစ်အရွယ် တင်မာလာ သားလေးကိုပါ သတ်မလို့ ပြင်တော့ တင်မာလာက မသတ်ပါနဲ့၊ ကျမ ရှင်တို့ခေါ်ရာ လိုက်မယ်ပေါ့။ တကယ်လို့ ကလေးကို သတ်မယ်ဆိုလည်း ရှင်တို့ ကျမရှေ့မှာ မလုပ်ကြပါနဲ့လို့ ပြောတာ။”
ဖူနော်ပါရာက ပီပါခွံထဲသို့ သူ ပုန်းခိုနေစဉ်အတွင်းမှာ ကြားရတဲ့ အဖြစ်အပျက်တွေကို ပြောပြတာပါ။ အကြမ်းဖက်သမားတွေက တင်မာလာက သူတို့နဲ့ အတူလိုက်မယ်လို့ ဆိုတာကြောင့် ကလေးကို မသတ်ဖြတ်ခဲ့ဘဲ တင်မာလာကို တရားရုံးထဲကနေ လာခေါ်မယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့တွေမှာလည်း အချိန်မရဘူး ထင်ပါတယ်။ ဒါကြောင့် ချက်ချင်း ခေါ်သွားလို့ မရခဲ့တာပေါ့။“
ဖူနော်ပါရာက သူ့ရဲ့ယူဆချက်ကို ဆိုပါတယ်။ ဖူနော်ပါရာဟာ အကြမ်းဖက်သမားတွေ မရှိလောက်ဘူးလို့ ယူဆတဲ့အချိန်မှာ အရဲစွန့်ပြီး တရားရုံးရဲ့ အပြင်ဘက်ကို ကလေးငယ်တွေနဲ့ အတူထွက်လာပါတယ်။ တရားရုံးကနေ လေးမိုင်ဘက်ဆီကို ၁၀ မိနစ်လောက် လမ်းလျှောက်ပြီးတဲ့အချိန်မှာ မောင်တောမြို့ဘက်ကို တက်လာတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့တွေကို အကူအညီတောင်းတယ်လို့ ဆိုပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာလည်း ကျည်ရှပ်ထိတဲ့ ဒဏ်ရာတွေနဲ့ပါ။ ရဲတပ်ဖွဲ့ဝင်တွေကို တရားရုံးပေါ်မှာ နောက်ထပ် ဒဏ်ရာရရှိထားတဲ့သူတွေ ရှိသေးတယ်လို့ ဖူနော်ပါရာ ပြောပြီးတဲ့အချိန်မှာ နောက်ထပ် ဘာကိုမှ မသိရှိလိုက်တော့ပါ။ သတိရလာတဲ့အချိန်မှာ ဖူနော်ပါရာဟာ ဘူးသီးတောင်ဆေးရုံပေါ်ကို ရောက်ရှိလို့နေပါပြီ။
ဒီအဖြစ်ပျက်တွေကို ဖူနော်ပါရာ ရှင်းပြလို့ ပြီးဆုံးချိန်မှာလည်း ၆ နှစ်အရွယ် သမီးလေးနဲ့ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ တင်မာလာကတော့ မေယုတောင်တန်းတွေပေါ်ကို ငေးမောနေဆဲပါ။
နိုင်ငံတော်သမ္မတရုံးကတော့ သြဂုတ် ၂၇ ရက်စွဲနဲ့ ဖူနော်ပါရာတို့ ဖြစ်စဉ်ကို အပြစ်မဲ့ ဟိန္ဒူဘာသာဝင် မိသားစု ၆ ဦးအား ARSA အစွန်းရောက် အကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်တယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။ စုစုပေါင်း ဟိန္ဒူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၃ ဦးတို့ဟာ အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုးအောင်