မြန်မာ့တပ်မတော်နှင့် တီအန်အယ်လ်အေ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား
DVB
·
September 14, 2017
ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၃ ခုထဲမှာ မနေ့က တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တီအန်အယ်လ်အေက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲနဲ့ မွန်းလွဲ ၁ နာရီကြား နမ္မတူမြို့နယ် ပန်ဝါကျေးရွာနားမှာ တကြိမ်၊ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအနီးမှာတကြိမ် ပစ်ခတ်မှုရှိခဲ့ပြီး အဲဒီနေ့ ညနေ ၅ နာရီလောက်မှာတော့ ကျောက်မဲမြို့နယ် လွယ်ခလေးကျေးရွာအထက် တောင်ကြောပေါ်မှာလည်း ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာ့တပ်မတော် တပ်မ ၈၈၊ ခမရ ၃၀၁၊ တပ်မ ၇၇ တို့က တီအန်အယ်လ်အေ တပ်ဖွဲ့တွေ တည်ရှိရာ တောထဲကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ရတာဖြစ်ပြီး နမ့်ဆန်မြို့နယ် ဟူးခင်ရွာအနီးတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ၃ ဦးကျဆုံးကြောင်း တီအန်အယ်လ်အေ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တီအန်အယ်လ်အေဘက်က ကျဆုံးမှုအခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိဘဲ နှစ်ဘက်တပ်က တာဝန်ရှိသူတွေကိုလည်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
သီပေါမြို့နယ်ထဲမှာတော့ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီကျော် လောက်က မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေစဉ် ၉ မိုင်ရဲကင်းနားရောက်လာတဲ့ မော်တော်ကား တစီးပေါ်ကနေ ဒေသန္တရလက်လုပ်မိုင်းတလုံး ပစ်ချဖောက်ခွဲခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ မိုင်းဟာ ခိုလုံတံတားအနောက်ဘက် မီတာ ၂၀ အကွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနဲ့ မော်တော်ယာဉ်တွေ ထိခိုက်မှုမရှိပေမယ့် ကတ္တရာလမ်းကတော့ အကျယ် ၆ လက်မပတ်လည်၊ အနက် ၁ လက်မလောက် ချိုင့်ဝင်ပျက်စီးသွားကြောင်း၊ အဲဒီနေရာတ၀ိုက်မှာ တပ်မတော်သားတွေ နယ်မြေရှင်းလင်းဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။