ကောလာဟလသတင်းများကြောင့် ပုသိမ်မြို့၌ လုံခြုံရေးတင်းကျပ်
DVB
·
September 11, 2017
အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာကြောင့် ပုသိမ်မြို့သူမြို့သားတွေ ထိတ်လန့်မှုမရှိစေဖို့ စက်တင်ဘာ ၁၁ ရက်နေ့က မြို့ဝင် မြို့ထွက်ဂိတ်တွေအပါအ၀င် လူစည်ကားရာနေရာတွေမှာ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။
လူစည်ကားရာနေရာတွေကို ရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေနဲ့ လှည့်လည်နေပြီး အများပြည်သူ စိတ်အေးချမ်းစွာ နေနိုင်ရေးအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေရေးအတွက် တံတားတွေ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ တင်းကျပ်စွာ စစ်ဆေးနေသလို င၀န်မြစ်အတွင်းမှာလည်း ရေကြောင်းရဲတပ်ဖွဲ့က ရေယာဉ်တွေနဲ့ ကင်းလှည့်တွေ ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို လိုအပ်လာရင် အဓိကရုဏ်းပါ တခါတည်း နှိမ်နင်းလို့ရတဲ့ လိုအပ်တဲ့ သေနတ်၊ ဒိုင်း၊ ကျည်ဆန်တွေ အသင့်အနေအထားပြင်ဆင်ပြီးမှ လှည့်ကင်းဆောင်ရွက်စေခဲ့ပြီး သတင်းကြိုတင်ရရှိဖို့အတွက်လည်း ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကြားမှာ အရပ်ဝတ်တွေနဲ့ပါ သတင်းယူခိုင်းထားကြောင်း၊ ပြည်သူလူထုအနေနဲ့လည်း ကောလာဟလသတင်းတွေ မယုံကြည်ကြဖို့နဲ့ မသင်္ကာတာရှိရင် နီးစပ်ရာ ရဲစခန်းကို အမြန်ဆုံးသတင်းပို့ပေးဖို့ကိုလည်း ဒုရဲမှူးကြီးခင်မောင်လတ်က တိုက်တွန်းထားပါတယ်။
ပုသိမ်မြို့ပေါ်မှာ ရဲတပ်ဖွဲ့က မော်တော်ယာဉ်တွေနဲ့ နေ့ညမပြတ် လှည့်ကင်းတွေကို စက်တင်ဘာ ၉ ရက်နေ့က စတင်လုပ်ဆောင်နေခဲ့တာ ဖြစ်ပေမယ့် စက်တင်ဘာ ၁၁ ရက်နေ့မှာ ဖြစ်ပေါ်နေတဲ့ ကောလာဟလသတင်းတွေကြောင့် မြို့ပေါ်ရပ်ကွက်တချို့က ကျောင်းတွေနဲ့ ကျေးရွာတချို့က ကျောင်းတွေမှာ မိဘတွေက ကျောင်းမလွှတ်တာကြောင့် ကျောင်းမတက်တဲ့ ကျောင်းသားဦးရေ များပြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း အိုလမာအစ္စလာမ်သာသာနာပညာရှင်များအဖွဲ့ဥက္ကဋ္ဌ ဦးကိုလတ်က “တိုင်းအတွင်းမှာ ရှိနေတဲ့ ဗလီတွေမှာ ဧည့်သည်လက်မခံဖို့နဲ့ သင်္ကာမကင်းဖြစ်ပါက အချိန်မရွေး ဗလီထဲ ဝင်ရောက်စစ်ဆေးနိုင်ဖို့ ညွန်ကြားထားတယ်” လို့ မီဒီယာတွေကို ထုတ်ဖော် ပြောကြားပါတယ်။
သတင်း - မြမင်းဦး(ပုသိမ်)