Home
ဆောင်းပါး
ပုပ်လို့ပေါ် ဟုတ်လို့ကျော် ဖြစ်နေခဲ့သော်
DVB
·
September 11, 2017
  တကယ်တော့ ဒီကိစ္စက အဟောင်းပါ။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ ပြီးကတည်းကပါ။ ဒါပေမယ့် ဒါက သမ္မတ ဒေါ်နယ်လ်ထရမ့် မဲအနိုင်ရရေးအတွက် သူ့ရဲ့အကြီးဆုံးသား ဒေါ်နယ်လ်ထရမ့် ဂျူနီယာနဲ့ သမက်ဖြစ်တဲ့ ဂျားရဒ် ခူရှနာတို့က သူ့အဖေရဲ့ပြိုင်ဘက် သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ မကောင်းသတင်းတွေကို ထုတ်ပေးမယ်လို့ ကတိစကား ရခဲ့ပြီးချိန်မှာ ကရင်မလင် နန်းတော်နဲ့ ဆက်အစပ်ရှိနေတဲ့ ရှေ့နေတယောက်နဲ့ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သတင်းပါ။ ဒီသတင်းကို နယူးယောက်တိုမ်းမ်စ် သတင်းစာက သတင်းအဖြစ် တင်ပြရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို အမေရိကန်သမ္မတ အိမ်ဖြူတော် အကြံပေးအရာရှိ ၂ ယောက်က တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပြီး သူတို့နဲ့အတူ တွေ့ဆုံမှုကို သိတဲ့ သမ္မတထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ဝင် ၂ ယောက်ကလည်း မစ္စစ်ကလင်တန်နဲ့ ပတ်သက်တဲ့ ရုရှားရင်းဖြစ်တွေရဲ့ သတင်းအပေးအယူလုပ်မှုကို နားထောင်ဖို့ စိတ်အားထက်သန်မှု ရှိခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာထရမ့်ဂျူနီယာနဲ့ မစ္စတာခူရှနာတို့ဟာ အဲဒီတုန်းက ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေး မန်နေဂျာနဲ့အတူ အဖော်လုပ်သွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီသတင်းဖော်ပြချက်ဟာ သမ္နတလောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖွဲ့ရဲ့ အတွင်းစည်းက တာဝန်ရှိသူတွေဟာ သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်းမှာ ရုရှားအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို ပထမဆုံး ဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်လည်း ဖြစ်ပါတယ်။ နယူးယောက်တိုင်းမ်စ်လို သတင်းဌာနကြီးတခုဟာ သူတို့သတင်းဌာနရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်တွေအရ မဟုတ်မမှန်တဲ့ သတင်းတခုကို ရေးသား ဖော်ပြလိမ့်မယ် မဟုတ်ဘူး ဆိုတာကတော့ သေချာတယ်လို့ ပြောရမှာပါပဲ။ သူတို့ အတည်ပြုချက် ရယူပြီးလို့ပဲ ဖြစ်ပါလိမ့်မယ်။ မစ္စတာ ထရမ့်ဂျူနီယာကလည်း အဲဒီလို တွေ့ဆုံခဲ့တာကို ဝန်ခံ အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် သူ အဲဒီရှေ့နေနဲ့ တွေ့ဆုံခဲ့တာဟာ သူ့မိတ်ဆွေတယောက်က မေတ္တာရပ်ခံလာလို့ပါလို့ ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်တခုမှာလည်း “အပြန်အလှန် ပဋိသန္ဓာရ စကားပြောကြအပြီး ရှေ့နေအမျိုးသမီးက ရုရှားနဲ့ အဆက်အစပ် ရှိနေတဲ့လူတွေက ဒီမိုကရက်တစ်အမျိုးသားကော်မတီနဲ့ မစ္စစ်ဟီလာရီကလင်တန်တို့ကို ငွေကြေး ထောက်ပံ့ပေးနေတယ် ဆိုတဲ့ သတင်း သူ့မှာရှိတယ်လို့ ပြောခဲ့ပါတယ်။ ရှေ့နေအမျိုးသမီးရဲ့ ဖော်ပြချက်တွေဟာ မရေရာလှသလို ဝေဝေဝါးဝါးနဲ့ အဓိပ္ပာယ်မရှိလှပါဘူး။ ဘာအသေးစိတ် အချက်အလက်နဲ့ အထောက်အကူဖြစ်စေတဲ့ သတင်းတွေမှ မပေးခဲ့ပါဘူး။ သူ့မှာ အဓိပ္ပာယ်ရှိတဲ့ ဘာသတင်းမှ မရှိဘူး ဆိုတာကိုတော့ ချက်ချင်းလိုလိုပဲ သိခဲ့ရပါတယ်။” လို့ ထရမ့် ဂျူနီယာက ဖော်ပြထားခဲ့ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှာကတည်းက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကစပြီး သမ္မတလောင်း ဒေါ်နယ်လ်ထရမ့် အောင်ပွဲရရေးအတွက် ရုရှားနိုင်ငံက စွက်ဖက်ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင်ဟာ အက်ဖ်ဘီအိုင် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရပါတယ်။ အဲဒီလိုပဲ သမ္မတ ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျားရဒ်ခူရှနာကလည်း မနှစ်က သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ သူ့ရဲ့လုပ်ဆောင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီကို သက်သေခံ အထောက်အထား ပေးအပ်ခဲ့အပြီးမှာ ခုခံကာကွယ် ပြောကြားခဲ့ပါတယ်။ သူကတော့ “မဲဆွယ်စည်းရုံးရေး လုပ်ခဲ့တဲ့ အချိန်တုန်းက လှုပ်ရှားလုပ်ဆောင်မှု အားလုံးဟာ မှန်ကန်ပြီး ပုံမှန်ဖြစ်စဉ်တွေ အတိုင်းပဲ ဖြစ်သွားခဲ့တာပါ” လို့ ပြောကြားခဲ့သလို မကောင်းမှုလုပ်ဖို့ ရုရှားနဲ့ လျှို့ဝှက်ဆောင်ရွက်မှုတွေ အားလုံးကိုလည်း ငြင်းဆိုသွားခဲ့ပါတယ်။ သူဟာ အမေဂိကန်သမ္မတရဲ့ အကြီးတန်း အကြံပေးအရာရှိတယောက် ဖြစ်သလို မဲဆွယ်စည်းရုံးရေး ဒစ်ဂျစ်တဲလ် မဟာဗျူဟာရဲ့ တာဝန်ခံတယောက်လည်း ဖြစ်ပါတယ်။ အမေရိကန်အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီရဲ့ တံခါးပိတ် ကြားနာမှုအပြီးမှာ သူက “တောင်းဆိုခဲ့တဲ့ သတင်းအချက်အလက်တွေ အားလုံးကို ပွင့်လင်းမြင်သာမှု အပြည့်အဝနဲ့ ပေးအပ်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့သလို “ကျနော့ကို ရှင်းရှင်းပဲ ပြောခွင့်ပြုပါ။ ကျနော်ဟာ ရုရှားနဲ့ မဟုတ်မမှန်တာ လုပ်ဖို့ မပူးပေါင်း မကြံစည်ခဲ့သလို အဲဒီလို လုပ်ခဲ့တယ်ဆိုတဲ့ မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ခဲ့တဲ့ တခြားသူတွေကိုလည်း တယောက်မှ မသိခဲ့ပါဘူး။ ကျနော့်မှာ မမှန်ကန်တဲ့ အဆက်အသွယ် လုံးဝ မရှိခဲ့ပါဘူး” လို့ ထွက်ဆိုခဲ့ပါတယ်။ သတင်းမီဒီယာ ဖော်ပြမှုတွေမှာ အမြဲ ကွယ်ကွယ်ဝှက်ဝှက် နေခဲ့တဲ့ မစ္စတာခူရှနာ တယောက် အလားတူဖြစ်တဲ့ အောက်လွှတ်တော်ရေးရာ ကော်မတီရဲ့ စစ်ဆေးမှုကို အင်္ဂါနေ့မှာ ခံရဦးမှာ ဖြစ်ပါတယ်။ တနင်္လာနေ့ အထက်လွှတ်တော်ရေးရာကော်မတီ စစ်ဆေးမှုမတိုင်ခင် အောက်လွှတ်တော်ရေးရာကော်မတီ ၂ ရပ်စလုံးကို သူ ပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်တခုမှာတော့ ရုရှားကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ်ကတော့ မရှိသလောက်ပါပဲ။ ၄ ခါလောက်တော့ ဖြစ်ကာင်းဖြစ်နိုင်ပါတယ်လို့ ဖော်ပြပါရှိပါတယ်။ ဘီဘီစီသတင်းဌာနက ဆာရာရိန်းစ်ဖော့ဒ်က ရုရှားပေါ့ပ် အဆိုတော် အီမင်း အဂါလာရောဗ်ကို သူနဲ့ သမ္မတထရမ့်ရဲ့ အဆက်အသွယ်နဲ့ပတ်သက်ပြီး ဖော်ပြထားချက် တခုမှာတော့ အဆိုတော်က သူ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက ရုရှားရှေ့နေ နာတာလီယာ ဗက်ဆယ်လီလ်နစ် စကာဗာနဲ့ တွေ့ဆုံမှုမှာ ရှေ့နေ အနာတာလီယာက မစ္စစ်ဟီလာရီကလင်တန်နဲ့ ပတ်သက်ပြီး အပုပ်သတင်း အထောက်အထားတွေ ပေးပါမယ်လို့ ကတိပေးသွားခဲ့တယ်လို့ ဖော်ပြ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် မစ္စတာထရမ့်ဂျူနီယာကတော့ သူနဲ့တွေ့ဆုံတဲ့ အခြေအနေမှာ မဲဆွယ်စည်းရုံးရေး ဦးစီးခေါင်းဆောင် ပေါလ် မာနာဖော့ထ်လည်း ပါရှိခဲ့ပြီး မစ္စစ်ကလင်တန်နဲ့ ပတ်သက်ပြီး အထောက်အထား အပေးအယူလုပ်တာ လုံးဝ မရှိခဲ့ဘူးလို့ ပြောကြားခဲ့တာ တွေ့ရပါတယ်။ အဲဒီလွှတ်တော်ကော်မတီတွေရှေ့မှာ ထွက်ဆိုခဲ့တာတွေနဲ့ သူ့ရဲ့ ထုတ်ပြန်ကြေညာချက်တွေထဲမှာ ဖော်ပြပြောဆိုခဲ့တာတွေကရော အခိုင်အမာ သက်သေပြလို့ ရပါသလား။ ဒါကလည်း ခုထိ ဘာမှ အတိအကျ ပြောလို့ မရသေးသလို ဒီပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရရေးအတွက် ရုရှားတွေ ဝင်ရောက်လှုပ်ရှား ကူညီဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့က ဆက်လက်စုံစမ်းရှာဖွေ စစ်ဆေးနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်က အက်ဖ်ဘီအိုင်အဖွဲ့က မစ္စတာဒေါ်နယ်လ်ထရမ့် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မကြေညာခင် နှစ်အတော်ကြာကတည်းက မစ္စတာထရမ့်ပိုင် ထရမ့်တာဝါလို့ ခေါ်တဲ့ အဆောင်အဦကြီးမှာ ရုရှားတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ အေဘီစီသတင်းဌာနရဲ့ သတင်းဖော်ပြမှုတခုအရ အက်ဖ်ဘီအိုင်က ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ကာလအထိ မစ္စတ်ထရမ့်ရဲ့ မိုးထိတိုက်ထိပ် သုံးလွှာအောက်ကနေ ရုရှား စနစ်တကျစုဖွဲ့ ရာဇဝတ်ဂိုဏ်း လှုပ်ရှားမှုတွေကို စောင့်ကြပ်ကြည့်ရှု ခွင့်ပြုမှုကို တရားရုံးက ရရှိဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို စောင့်ကြည့်အပြီး ၂၀၁၃ ခုနှစ် ဧပြီလထဲမှာ မစ္စတာထရမ့်ရဲ့ တာဝါ အဆောက်အဦထဲကို အက်ဖ်ဘီအိုင် အဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီး လူပေါင်း ၃၀ ကျော်ကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အက်ဖ်ဘီအိုင်က နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူလို့ သတ်မှတ်ယူဆတဲ့ အလင်းမ်ဇဟန်ထော့ထာဟူးနော့ဗ်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ တရားစီရင်မှု လက်အောက်က တိမ်းရှောင် ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် အဲဒီ အက်ဖ်ဘီအိုင်ရဲ့ ထရမ့်တာဝါကို ဝင်ရောက်စီးနင်မှုပြီးလို့ လ အတော်အကြာမှာ မော်စကို မိစ် ယူနီဗတ်စ် မော်စကိုပွဲရဲ့ ဗီအိုင်ပီ ပွဲကြည့်စင်မှာ မစ္စတာဒေါ်နယ်လ်ထရမ့်နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိနေခဲ့တယ်လို့ အေဘီစီသတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြ ရေးသားခဲ့ပါတယ်။ ဆိုလိုတာကတော့ မစ္စတာထရမ့်ဟာ မစ်ယူနီဗတ်စ်ပြပွဲပွား ကျင်းပခွင့် အခွင့်အရေးတွေကို ရုရှား မြို့ပြအိမ်ရာ တည်ဆောက်ရေးသမား ဘီလျံနာ သူဌေးတယောက် လက်ထဲကို ရောင်းချခဲ့ပြီး ဖြစ်တယ် ဆိုတာပါပဲ။ အက်ဖ်ဘီအိုင် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ကြီးရဲ့ ဦးဆောင် စုံစမ်းစစ်ဆေးရေးမှူး မိုက်ခ်ဂေထာကတော့ ၂၀၁၄ ခုနှစ်ထဲမှာ ထော့ထာဟူးနော့ဗ်နဲ့ ပတ်သက်ပြီး “သူက အဓိကကြိုးကိုင်ဆောင်ရွက်ခဲ့သူပါ” “သူဟာ ထင်ရှားလူသိ များပါတယ်။ သူ့မှာ ရုရှား၊ ယူကရိန်း၊ ဥဇဘက်ကစ်စ်တန်နဲ့ နိုင်ငံရပ်ခြား တိုင်းပြည်တွေက စီးပွားရေးလောကသားတွေနဲ့ ရာဇဝတ်ဂိုဏ်းလောကတွေနဲ့ အလွန့်အလွန် ကောင်းမွန်တဲ့ အဆက်အသွယ်တွေ ရှိထားပါတယ်” လို့လည်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ နောက်တချက် အေဘီစီ သတင်းဌာနရဲ့ သတင်းအရ အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော် ဝင်ရောက်လာအောင် မစ္စတာထရမ့်ရဲ့ တာဝါ အပိုင်း ၆၃ အေ ဌာနချုပ်ရဲ့  အဓိက လောင်းကစားဝိုင်းကြီးတခုကနေပြီး တာဝန်ယူ လုပ်ဆောင်ပေးခဲ့သူဟာ မစ္စတာထော့ထာဟူးနော့ဗ် ဖြစ်တယ်လို့ စွပ်စွဲခံထားရတယ်လို့ သိရပါတယ်။ အခု အဲဒီတရားမဝင် လောင်းကစားဝိုင်းကြီးရဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေမှာ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ သားအကြီးဆုံး ထရမ့်ဂျူနီယာ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ သတင်းကလည်း မကြာခင်ကလေးကမှ ထွက်ပေါ်လာပါတယ်။ အမှန်တကယ် ဟုတ်၊ မဟုတ်ကတော့ မပြောနိုင်သေးပါဘူး။ အလွန်အံ့သြထိတ်လန့်စရာ အချက်အလက်တွေပါပဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတ မဖြစ်ခင် နိုင်ငံနဲ့ဆိုင်တဲ့ ပြစ်မှု ကျူးလွန်မှုတွေ ရှိခဲ့သလား။ သူ့မိသားစုဝင်တွေရော ပါဝင်ပတ်သက်မှု ရှိခဲ့သလား။ အများကြီး စဉ်းစားစရာ ရှိပါတယ်။ နောက် သူ သမ္မတ ဖြစ်ပြီးတဲ့နောက် နိုင်ငံနဲ့ ပတ်သက်နေတဲ့ ကိစ္စရေးရာတွေမှာ မိသားစုဝင်တွေကို ခန့်အပ်ခဲ့တာ ဘယ်လိုမှ မလုပ်သင့်တဲ့ ကိစ္စလို့ ပြောရမှာပါပဲ။ ကျနော်တို့ နိုင်ငံမှာရော နိုင်ငံရပ်ခြား တိုင်းပြည်တခုက သူတို့နိုင်ငံအစိုးရနဲ့ ဆက်စပ်တဲ့ သြဇာရှိ ရာဇဝတ်ဂိုဏ်းကြီးတွေက နိုင်ငံရဲ့ အာဏာနဲ့ပတ်သက်ပြီး ဝင်ရောက် လှုပ်ရှားနေတာ ကူညီနေတာတွေ ရှိနေပြီလား ဆိုတာလည်း စဉ်းစားကြည့်သင့်တဲ့ ကိစ္စတခုလို့ ယူဆပါတယ်။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024