Home
မြန်မာသတင်း
လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြော
DVB
·
September 2, 2017
ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားတွေအတွက် လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်နေပြီး စားနပ်ရိက္ခာ မပြတ်လပ်အောင်လည်း ပြုလုပ်ပေးနေတယ်လို့ ရခိုင်ပြည်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး မောင်တောမြို့နယ် ဝေလာတောင်ကျေးရွာမှာ ခေတ္တခိုလှုံနေကြတဲ့ ဒေသခံတွေကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေ စက်တင်ဘာ ၁ ရက်က စားနပ်ရိက္ခာတွေ သွားရောက် ထောက်ပံ့ပေးခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။ ဝန်ကြီးချုပ် ဦးညီပုက ဒေသခံတိုင်းရင်းသားတွေအတွက် လုံခြုံရေးကို အဓိကဦးစားပေး ဆောင်ရွက်ပေးထားကြောင်း၊ ရိက္ခာတွေ မပြတ်လပ်အောင် စီစဉ်ဆောင်ရွက်ပေးထားပါ ကြောင်းနဲ့ ဒေသခံတွေ တင်ပြလာတဲ့ အခက်အခဲ လိုအပ်ချက်တွေကို အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ ဆန်အိတ် ၃ဝ၊ ဆီ ၁၂ လီတာပါ ရှစ်ပါကင်၊ ငါးသေတ္တာ ဘူး ၂ဝဝ၊ ဆား ၅၆ ပိဿာ၊ ငရုတ်သီးခြောက်နဲ့ တခြားစားသောက်ကုန် ပစ္စည်းတွေကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ဒိုင်းနက်လူမျိုးငါးဦးရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထာါးပတယ်။ ၀န်ကြီးချုပ်နဲ့အဖွဲ့ဟာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေက တိုင်းရင်းသားကျေးရွာတွေကိုလည်း သွားရောက်ကာ ကူညီထောက်ပံ့မှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024