ပြည်နယ် ၃ ခု၌ ကုန်းမြင့်လယ်ယာမြေ ဧက ၁၃၀၀ ကျော် ဖော်ထုတ်မည်
အောင်ဆန်းဦး
·
August 31, 2017
ရှမ်း၊ချင်းနဲ့ ကယားပြည်နယ် ၃ ခုမှာ အခုဘဏ္ဍာနှစ်အတွင်း ကုန်းမြင့်လယ်ယာမြေ ဧက ၁၃၀၀ ကျော် ဖော်ထုတ်ပေးသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်ပြောင်းဝန်ကြီးဌာနက ပြောပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က အခုလိုပြောဆိုလိုက်တာပါ။
“နိုင်ငံတော် စိုးရသစ်တာဝန်ယူတဲ့ ကာလအတွင်းမှာ ပြည်နယ်သုံးခုအတွင်း ကုန်းမြင့်လယ်ယာမြေဧက ၁၆၅၀ ဖော်ထုတ်ပေးပြီးဖြစ်ပါတယ်။ အခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာလည်း ပြည်နယ်ခွင့်ပြုဘဏ္ဍာငွေကနေ ပြည်နယ် ၃ ခုမှာ ကုန်းမြင့်လယ်ယာမြေ ၁၃၄၈ ဧက ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။”
ပြည်နယ် ၃ ခုဖြစ်တဲ့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ကုန်းမြင့် လယ်ယာမြေတည်ဆောက်ဖော်ထုတ်ရေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ စတင်အကောင် အထည်ဖော်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အထိ ကုန်းမြင့်လယ်ယာမြေ ၃၅၅၀ ဧကအထိ အသစ်ဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။