ထိခိုက်ဒဏ်ရာရသူများ ဘူးသီးတောင်ဆေးရုံသို့ ရောက်လာ
DVB
·
August 25, 2017
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ရဲကင်းစခန်းတွေကို ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ၀င်ရောက်တိုက်ခိုက်လို့ သေကျေကျဆုံးမှုတွေရှိခဲ့ပြီးတဲ့နောက် ဖောင်တော်ပြင်ရွာက ထိခိုက်ဒဏ်ရာရသူတွေ ဘူးသီးတောင် ဆေးရုံကို ဒီကနေ့မနက်က ရောက်ရှိလာခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီးက “ဒဏ်ရာရသူ အားလုံး ၃ ဦးပါ။ ကျန်းမာရေးဌာနက ပိုလီယိုတိုက်ဖို့သွားတဲ့ ကျန်းမာရေးဝန်ထမ်းတယောက် ဒဏ်ရာရပါတယ်။ ဘယ်ဘက်လက်သန်း ပြတ်သွားတာပါ။ နောက်ထက် ရဲတပ်ဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရထားတာကို အရေးပေါ် ကုသပေးနေပါတယ်" လို့ ပြောပါတယ်။
ဒီမနက်အရုဏ်မတက်ခင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ရဲကင်း၊ ရဲစခန်းတွေကို တချိန်တည်း တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ လောင်း ရရှိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း၊ဓာတ်ပုံ-ကိုအောင်