မြန်မာ့ပင်လယ်ပြင်အတွင်း လိုင်စင်မဲ့ကင်းမွန်လှေ ၃ စီး ဖမ်းမိ
DVB
·
August 17, 2017
မြန်မာ့ပင်လယ်ပြင်အတွင်း လိုင်စင်မဲ့ ကင်းမွန်လှေ ၃ စီးကို တပ်မတော်(ရေ) က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ပင်လယ်ပြင်အတွင်း ကင်းလှည့်နေတဲ့ တိုက်ရေယာဉ် ၁၁၆ မှ ဗိုလ်ကြီးဇော်ဇော်ထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၁၄ ရက်နေ့က ကျွန်းစုမြို့နယ် မော်တုန်းကြီးကျွန်း အရှေ့ရှိ ကင်းမွန်မီးထွန်းလှေတွေကို လိုင်စင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုစစ်ဆေးရာ မော်တုန်းကြီးကျွန်းအရှေ့ဘက်တွင် ကင်းမွန် ဖမ်းနေတဲ့ လှေ ၃ စီးမှာ လိုင်စင်အထောက်အထားတွေ မရှိတဲ့အတွက် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်း ဥပဒေအရ အရေယူပေးဖို့ မြိတ်မြို့ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်'။
မြန်မာ့တပ်မတော် ရေတပ်မှ တာဝန်ရှိသူတဦးက “ကင်းမွန်လှေတွေက ကျွန်းတွေအနားမှာ မီးထွန်းပြီး ကင်းမွန်တွေ ဖမ်းနေတာ လိုင်စင်မရှိတဲ့ လှေတွေ ဖြစ်နေတာ။ ဒါတွေကို တိုင်ကြားထားတာ ရှိတယ်။ ကျနော်တို့ စစ်ဆေးတော့ လိုင်စင်တွေ ဂရန်တွေလည်း မရှိဘူး။ ဒါကြောင့် ဖမ်းဆီးလိုက်တာ”လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ကင်းမွန်လှေ ၃ စီးမှ လှေသား ၁၉ ဦးကို ဥပဒေအရ အရေးယူနိုင်ဖို့ ငါးဦးစီးက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)