Home
မြန်မာသတင်း
မြိတ်မြို့တွင် ကြက်သား၊ ကြက်ဥ အရောင်းအဝယ် ပါးနေဆဲ
DVB
·
August 17, 2017
နိုင်ငံတဝန်း H5N1 နဲ့ H1N1 ကြက်ငှက်တုပ်ကွေးရောဂါတွေ ဖြစ်ပွားပြီးနောက် မြိတ်မြို့မှာ ကြက်သား၊ ကြက်ဥတွေကို အရောင်းအဝယ် ပိတ်ပင်ခဲ့ပြီး ပြန်လည် ရောင်းဝယ်ခွင့်ပြုလိုက်ပေမယ့် အရောင်းအဝယ် ပါးနေတယ်လို့ သိရပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ကြက်သား၊ ကြက်ဥတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက မြိတ်မြို့မှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ စည်ပင်သာယာရေး အဖွဲ့အစည်းတွေက အရောင်းအဝယ် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပြီး၊ လက်ရှိမှာ သြဂုတ်လ ၈ ရက်နေ့ကစပြီး ပြန်လည်ရောင်းချခွင့်ပြုလိုက်ပါတယ်။ ကြက်သား၊ ကြက်ဥတွေ ဈေးကွက်အတွင်း ပြန်လည် ရောင်းချခွင့် ပေးပေမယ့် ဝယ်ယူ စားသုံးသူ အိမ်ရှင်မတွေအကြား အခုအထိ ကြက်ငှက်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သံသယတွေ ရှိနေသေးတာကြောင့် ဝယ်ယူ စားသုံးမှုတွေ မဝံ့မရဲ ရှိနေတယ်လို့ သိရပါတယ်။ ဈေးဝယ်သူ အိမ်ရှင်မ ဒေါ်အုန်းရွှေက “အခုချိန်မှာတော့ မစားရဲသေးဘူးပေါ့နော့။ ကျမတို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြက်သား၊ ကြက်ဥနဲ့ ပတ်သက်ပြီး အရောင်းအဝယ်၊ စားသောက်ခြင်း မပြုဖို့ တာမြစ်ထားတာ သိလို့ ကြက်သား၊ ဝက်သားတွေတောင် အခုချိန်အထိ မဝယ်စားရဲသေးဘူး။ အရင်တုန်းတော့ အိမ်မှာ ကြက်သား၊ ဝက်သားတွေ ပုံမှန် ချက်စားနေကျပါ၊ အခုတော့ ကြက်ငှက်တုပ်ကွေးနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားရတဲ့နောက်ပိုင်း မစားရဲသေးဘူး။ အိမ်က သားသမီးတွေလည်း ဈေးသွားရင် ကြက်သား၊ ကြက်ဥတွေ မဝယ်လာဖို့ ပြောတယ်၊ အဒေါ်တို့လည်း အခုတောင် ကြက်သားဆိုင်ရှေ့မှာ ဝယ်စားဖို့အတွက် ဝယ်ဖို့၊ မဝယ်ဖို့ကို စဉ်စားနေတယ်၊ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်မှာ စိုးရိမ်နေသေးတယ်၊ အိမ်မှာလည်း နားမကျန်းတဲ့လူတွေ ရှိနေတော့ ကြက်သားလည်း ဝယ်စားချင်တယ်၊ သံသယလည်း ရှိနေပါတယ်”လို့ ပြောပါတယ်။ မြိတ်မြို့က ဈေးတချို့မှာ ကြက်သား၊ ကြက်ဥတွေကို ဈေးကွက်အတွင်းမှာ အရောင်းအဝယ်မှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါ မဖြစ်ပွားမီက တနေ့ကို ဈေးချိန်အတွင်း ကြက်သား ဈေးသည် တဦးဟာ တနေ့ကို ကြက်အကောင်ရေ ၅၀ မှ ၁၀၀ ကြား ရောင်းနေရကာ ဈေးနှုန်းအားဖြင့်လည်း ၁ ပိဿာကို ၅၀၀၀ မှ ၆၀၀၀ ကြား ရောင်းနေရပြီး၊ လက်ရှိမှာ အကောင်ရေ ၁၀ မှ ၂၀ အထိသာ ရောင်းနေရပြီး၊ ဈေးနှုန်းလည်း လက်ရှိမှာ ၁ ပိဿာကို ၃၀၀၀ မှ ၃၅၀၀ လောက်သာ ရရှိတယ်လို့  ကြက်သား ရောင်းသူတွေက ပြောပါတယ်။ ကြက်သားရောင်းသူ ဒေါ်စန်းအေး(ဝတုတ်မ)က “အရင်တုန်းကဆိုရင် ပိဿာချိန်နဲ့ဆိုရင် လေး ငါး ခြောက် ပိဿာလောက် ရောင်းရပါတယ်၊ တပိဿကိုလည်း ၅၀၀၀ က ၆၀၀၀ ကြား ရောင်းရပါတယ်၊ အခုဆိုရင် တပိဿာကို ၃၀၀၀ က ၄၀၀၀ ကြား မနည်း စပ်ရောင်းနေရပါတယ်။ အခက်အခဲကတော့ လက်ရှိ ကြက်ဈေးသည်တွေ အများကြီး ကြုံနေရပါတယ်၊ ကြက် ဆယ်ကောင်ကို နှစ်ရက်လောက် ရောင်းနေရပါတယ်၊ နောက်ပြီး ထမင်းဆိုင်နဲ့ စားသောက်ဆိုင်တွေကလည်း အော်ဒါ မှာယူမှုတွေ လုံးဝ ရပ်နားထားလို့ ဈေးအရောင်းအ၀ယ် အရမ်းပါးနေပါတယ်”လို့ ပြောပါတယ်။ ဈေးဝယ်စားသုံးသူ အိမ်ရှင်မအများစုကက ကြက်သား၊ ကြက်ဥတွေကို အခုအချိန်အထိ ကြက်ငှက်တုပ်ကွေး ရောဂါကိုကြောင့် ထင်နေတုန်းလို့ ယူဆနေလို့ ဝယ်ယူစားသုံးမှုတွေ အရမ်းကို နည်းပါးသွားတာ တွေ့ရသလို ရေထွက်ပစ္စည်းတွေ ဖြစ်တဲ့ ငါး၊ ပုစွန်နဲ့ ဟင်းရွက်သီးနှံတွေကိုပဲ အဓိက ဝယ်ယူ စားသောက်နေကြတယ်လို့ ကြက်သား ရောင်းချတဲ့ မြိတ်မြို့ပေါ် ဈေးတချို့က ဈေးသည်တွေဆီက သိရပါတယ်။ ဒေါ်မော်မော်လွင်က “အရင်တုန်းက ကြက်ငှက်တုပ်ကွေးရောဂါ မဖြစ်ခင်ကဆိုရင် ကြက်သားတွေ ဈေးဘယ်လောက်ကြီးကြီး အရောင်းအဝယ် ဖြစ်ပါတယ်။ အခုဆိုရင် ကြက်ငှက်တုပ်ကွေး သတင်းတွေ ဖြစ်ပြီးနောက် အရောင်းအဝယ် တအားပါးသွားပါတယ်။ အရင် ကြက်အကောင်ရေ တနေ့ကို ၇၀ က ၈၀ ကြား ရောင်းရပါတယ်၊ အခုဆိုရင် အကောင်ရေ ၂၀ နီးပါးလောက်ပဲ ရောင်းရပါတယ်”လို့ ပြောပါတယ်။ “ဒါက တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်း ခရိုင်တွင်းကို ဝင်ရောက်တာနဲ့ ပတ်သက်ပြီး ၇ ရက်နေ့ကပဲ စည်ပင်ရုံးမှာ မွေးမြူရေးသမားတွေ ကျနော်တို့ ခေါ်တွေ့ခဲ့ပါတယ်။ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ကျနော်တို့ တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီးတော့ ခရိုင်အုပ်ချုပ်ရေးက မွေးမြူရေးသမားတွေ ဒုက္ခရောက်တယ်၊ နောက်ပြီးတော့ ကူးစက်ရောဂါလည်း ဒီဘက်မှာ မဖြစ်ပါဘူးဆိုတဲ့အပေါ်မှာ ခရိုင်အုပ်ချုပ်ရေးမှူးက ဖြေလျှော့ပေးပြီးတော့ ၈ ရက်နေ့ကစတင်ပြီး ဖွင့်ပေးခဲ့ပါတယ်”လို့ တိ/မွေးကု မြိတ်ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ကျော်ဇော်က ပြောပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024