Home
မြန်မာသတင်း
ကျွဲကူး-ကျောက်ဖျာ တံတားထိပ်တွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင်တိုက်၊ ၁ ဦးသေဆုံး
DVB
·
August 16, 2017
မြိတ်မြို့နယ် ကျွဲကူးကျေးရွာ ကျွဲကူး-ကျောက်ဖျာတံတား ချည်းကပ်လမ်းထိပ်မှာ သြဂုတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီလောက်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် ၃ ဦးဒဏ်ရာရှိပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ကျွဲကူးရဲကင်းစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျောက်ဖျာရွာဘက်မှ မောင်ရန်နိုင်ဦး (၁၈ နှစ်) မောင်းနှင်ပြီး နောက်မှာ မောင်ချစ်နိုင် (၁၇ နှစ်) လိုက်ပါလာသည့် ဆိုင်ကယ်သည် ဘယ်ညာယိမ်း မြွေလိမ်မြွေကောက်မောင်းနှင်လာစဉ် ကျွဲကူး- ကျောက်ဖျာတံတား ချည်းကပ်လမ်းထိပ်အရောက် ကျွဲကူးဘက်မှ ဒေါ်ချစ်ပို (၃၈ နှစ်) မောင်းနှင်ပြီးနောက်မှာ ဒေါ်ကျင်လှ (၆၂ နှစ်) လိုက်ပါလာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တာပါ။ ကျွဲကူးရဲကင်းစခန်းမှူး ဒုရဲအုပ်တင်ထွဋ်က"ရန်နိုင်စိုးက ကျောက်ဖျာရွာဘက်ကမောင်းလာတာ ရိုးရိုးမောင်းတာမဟုတ်ဘဲ မြွေလိမ်မြွေကောက် မောင်းလာတယ်။ ကျွဲကူးချည်းကပ်လမ်းထိပ်ကို ရောက်တော့ တဖက်ယာဉ်ကြောက ဒေါ်ချစ်ပို မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်တိုက်ပါတယ်။ အတိုက်ခံရတဲ့ ဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့ဒေါ်ကျင်လှ နေရာမှာပဲသေဆုံးသွားပါတယ်"လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ရန်နိုင်ဦးမှာ ညာခြေကျိုးဒဏ်ရာ၊ ချစ်နိုင်တွင် ညာမျက်လုံးအထက် ပေါက်ပြဲဒဏ်ရာ၊ ဒေါ်ချစ်ပိုတွင် ညာဒူး၊ညာတံတောင်နှင့် ညာခြေကျင်းပွန်းပဲ့ ဒဏ်ရာနဲ့ သတိလစ်နေပြီး ဒေါ်ကျင်လှမှာ နှာခေါင်း၊ ပါးစပ်နှင့်နားတို့မှာ သွေးထွက်၊ ဦီးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာ ရရှိပြီးအခင်းဖြစ်တဲ့နေရာမှာပင် သေဆုံးသွားကြောင်းသိရပါတယ်။ ဆိုင်ကယ်အားအရှိန်ပြင်းစွာနဲ့ မြွေလိမ်မြွေကောက် ယိမ်းယိုင်မောင်းလာပြီး လူကိုထိခိုက်ဒဏ်ရာနဲ့ လူကိုသေစေသည်အထိမောင်းနှင်သူ ရန်နိုင်ဦးကို မြိတ်မြို့မရဲစခန်းမှ ယာဉ် (ပ) ၆၃/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇ /၃၃၈ /၃၀၄ -က အရ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024