မြန်မာ့ပင်လယ်ပြင်အတွင်း မူးယစ်ဆေးများ တင်လာသည့် စက်လှေတစင်း ဖမ်းမိ
DVB
·
August 11, 2017
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်းမှာ မူးယစ်ဆေးတင် စက်လှေတစီးကို ဖမ်းဆီးမိခဲ့ပါတယ်။
လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်(ရေ)က စစ်ရေယာဉ်တစီးက သြဂုတ် ၈ ရက်ညနေပိုင်းက မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ စက်လှေတစီးကို ဖမ်းဆီးရမိပြီး ကော့သောင်းရဲစခန်းကို လာရောက်အပ်နှံခဲ့တယ်လို့ ကော့သောင်းရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၃၇ မိုင်လောက် အကွာမှာ မောင်းနှင်နေတဲ့ မသင်္ကာဖွယ် စက်လှေတစင်းကိုတွေ့ရှိပြီး ကမ်းခြေစောင့် တိုက်ရေယာဉ် (426)က သွားရောက်စစ်ဆေးရာ အဆိုပါစက်လှေပေါ်မှာ မကြုံကလက် ကျေးရွာနေ မင်းမင်း ကို ဘိန်းစာမှုန့် ၈၀၂ ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆ သိန်းကျော်) နဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ကော့သောင်းမူးယစ်တပ်ဖွဲ့စု(၃၄)မှ ရဲအုပ်အောင်လင်းဦးက တရားလိုပြုလုပ်ပြီး ကော့သောင်း ရဲစခန်းမှာ မင်းမင်း ကို မူး/စိတ်ပုဒ်မ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူ ထားတယ်လို့ ရဲအုပ်မင်းနိုင်က ပြောပါတယ်။
လတ်ကိုကိုဦး