မိတ္ထီလာမြို့တွင် ကျပ် ၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
DVB
·
August 4, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ် နယ်မြေမှာ ၃ ဇူလိုင်လ ၃ ရက်မနက်က ရဲလင်းထွန်နဲ့ ဇနီး မေသင်္ကြန် တို့နေအိမ်ကနေ ကျပ် ၉၅ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်လို့ အမှတ်-၂ ရဲစခန်းက ပြောပါတယ်။
ဒုရဲအုပ်ချစ်ဇော်ဝိုင်းက “သတင်းရလို့ ရှာဖွေဖမ်းပါတယ်။ နံရံကပ်စင်ပေါ်မှာ တင်ထားတဲ့ ဒန်အိုးထဲက အနီရောင်ပိုက်တခု ၁၀ ပြားပါ ပိုက်အချောင်း ၂၀ တွေ့တယ်။ စိတ်ကြွဆေးပြား အပြား ၂၀၀ ကာလတန်ဖိုး ၅ သိန်းကျပ်၊ အိပ်ယာပေါ်ရှိ နက်ပြာရောင် ကျောပိုးအိပ်ထဲက စိတ်ကြွဆေးပြား ၃၆၀၀ တွေ့တယ်။ ကာလတန်ဖိုး သိန်း ၉၀၊ စိတ်ကြွဆေးပြားပေါင်း ၃၈၀၀ အလေးချိန် ၃၈၀ ဂရမ်၊ တန်ဖိုး ကျပ် ၉၅ သိန်ဖိုး ဖမ်းမိတယ်။ စစ်ဆေးထွက်ဆိုချက်အရ တရပ်ကွက်တည်းနေ မေသင်္ကြန်ရဲ့အမေ မမိခိုင်(ခ)ခိုင်ခိုင်ဝင်း၊ မောင်ဖြစ်သူ နေလင်းအောင်(ခ)ဟိန်းမင်းကို တို့ ဆေးပြားတွေ အိမ်လာထားသွားတာ ဆိုပါတယ်။ သွားဖမ်းတယ်၊ ထွက်ပြေးသွားတယ်၊ ရှိနိုင်မယ့်နေရာတွေ စုံစမ်းနေပါတယ်"လို့ပြောပါတယ်။
မိတ္ထီလာမြို့ အမှတ်၂ ရဲစခန်းက ရဲလင်းထွန်း၊ မေသင်္ကြန်၊ မမိခိုင်နဲ့ နေလင်းအောင် တို့ ၄ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဥပဒေ လက်ဝယ်ထားရှိမှု/သုံးစွဲမှု/ရောင်းချမှု/ ထုတ်လုပ်ဖြန့်ဖြူးမှု ၁၅/၁၉-က/၂၀-က/၂၁ နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးနေသူ ၂ ဦးကိုတော့ ရှာဖွေနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)