Home
မြန်မာသတင်း
ကော့သောင်းတွင် H1N1 နှင့် H5N1ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေး
DVB
·
July 28, 2017
မြန်မာနိုင်ငံ မြို့ကြီးတချို့မှာ ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေး H1N1 ရောဂါနဲ့ H5N1 ရောဂါ ကော့သောင်းမြို့မှာ ကူးစက်မှုမဖြစ်ပွားရေး ကွင်းဆင်း ပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံက ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းနဲ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ပူးပေါင်းအဖွဲ့က ကြိုတင် ကာကွယ်မှုအနေနဲ့ ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ပြောပါတယ်။ ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဖိတ်ခေါ်အသိပေးဆွေးနွေးတာနဲ့ ကော့သောင်းမြို့မြို့မဈေးအတွင်း ရောင်းချနေတဲ့ ကြက်သား၊ ကြက်ဥနဲ့ အေးခဲအသား အရောင်းဆိုင်တွေကို သွားရောက်ပြီး ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကြက်သား၊ ကြက်ဥနဲ့ အေးခဲအသားတွေ မရောင်းချစေဖို့နဲ့ ရောဂါပိုးကင်းစင်တဲ့ အမှတ်အသားတွေပါရှိတဲ့ ဒေသတွင်းကြက်ခြံတွေက ထုတ်လုပ်တဲ့ ကြက်ဥ ကြက်သားတွေကိုသာ ရောင်းချကြစေဖို့ ကွင်းဆင်းပညာပေးတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ H1N1ရောဂါကို ကော့သောင်းမြို့မှာ မဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီးတော့ ဥစားကြက်နဲ့ အသားတိုးကြက် မွေးမြူရေးခြံတွေကို သွားရောက်ပြီး ကြက်တွေ သံသယဖြစ်ဖွယ် သေဆုံးမှုရှိမရှိ ထူးခြားမှုဖြစ်စဉ်တွေ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေဆီကို အချိန်နဲ့တပြေးညီ အကြောင်းကြားဆက်သွယ်ကြဖို့ မြို့နယ်အတွင်း ကြက်ငှက်တုပ်ကွေး H1N1 ရောဂါနဲ့ H5N1 ရောဂါ မဖြစ်ပွားစေရေး ၀ိုင်းဝန်းပါဝင်ပူးပေါင်း ကူညီပေးကြဖို့ ကွင်းဆင်းပညာပေးတာတွေကို ပြုလုပ်နေတာလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ပြောပါတယ်။ လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024