Home
မြန်မာသတင်း
လက်နက်မှောင်ခို သယ်ဆောင်လာသူ၏ နေအိမ်၌ ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိ
DVB
·
July 21, 2017
မန္တလေးတိုင်း သာစည်မြို့နယ်မှာ  သေနတ်တွေ ဖမ်းဆီးရမိတဲ့ ဆက်စပ်တရားခံနဲ့ ကွင်းဆက်တရားခံတွေကို  ဆက်လက်စုံစမ်းဖော်ထုတ်ရာမှာ  ဖောက်ခွဲရေးပစ္စည်းတွေ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံတိုးဂိတ်မှာ ဇူလိုင် ၁၉ ရက် ညက  လွိုင်ကော်မှ မန္တလေးကို ပို့ဆောင်မယ့် မောင်းပြန်သေနတ် ၂၂ လက် သယ်ဆောင်လာသူ နေစိုးထွေးမင်း(ခ) ကိုစိုင်းနဲ့ ဇနီး မမြတ်ဆုနှင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာပါ။ တရားခံတွေကို စစ်ဆေးမေးမြန်းပြီးနောက် လက်နက်တွေကို လက်ခံရယူမယ့်  ကျုံလျန်ဆန်း(ခ)မောရာ ဆိုသူကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ အင်းလေးတည်းခိုခန်းမှာ ဖမ်းဆီးရမိခဲ့သလို လွိုင်ကော်မြို့ရှိ နေစိုးထွေးမင်းရဲ့ နေအိမ်မှာ ဒီတိုနေတာ တထုပ်ကို ၅၀၀ ခုပါ ၂၆ ထုပ်၊ ယမ်းစိမ်း တထုပ်ကို ၉၀ ကျပ်သားပါ ၆၀ ထုပ်နဲ့ ငွေသား ကျပ် ၁၄၀ သိန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးရမိတဲ့လက်နက်တွေဟာ  ထိုင်းနိုင်ငံကတဆင့်  တရားမဝင် တင်သွင်းလာတာဖြစ်ပြီး  ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ တကြိမ်၊ ဧပြီလမှာ တကြိမ် သယ်ယူခဲ့ပြီး အခု ဖမ်းဆီးရမိခဲ့တဲ့ အကြိမ်ဟာ တတိယအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ လက်နက်တွေ တရားမဝင်သယ်ဆောင်သူတွေဖြစ်တဲ့ နေစိုးထွေးမင်း၊ မြတ်ဆုနှင်းနဲ့ ကျုံလျန်ဆန်း(ခ)မောရာ တို့ကို  သာစည်မြို့ရဲစခန်းက  အမှုဖွင့်အရေးယူထားပါတယ်။ Photo : State Counsellor Office Information Committee
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024